Zero waste (သို့) Nearly Zero waste
Zero waste ဆိုတာ ဖြစ်နိုင်လား
Zero waste (သို့) Nearly Zero waste တကယ်လုပ်ယင် ဖြစ်တယ်၊
ဟင်းသီးဟင်းရွက်စိမ်းနဲ့ ဘုရားပန်းတွေကို Hand Grinder နဲ့ ၅ ဂါလံ ပုံးနဲ့ ကိုယ့်ဖါသာ လုပ်ထားတဲ့ ခြေမွစက်နဲ့ခြေ၊ လေဝင်ပေါက်တွေ ဖေါက်ထားတဲ့ ပုံးထဲထည့်၊ တစ်ပတ်တစ်ခါလောက် ထက်အောက်လှန်ပေး၊ ၂ လ လောက်ဆို ဆွေးပြီ။ သစ်ရွက်ခြောက်ကိုပါ စက်နဲ့ခြေပြီး ရောယင်ပိုကောင်းတယ်၊ NPK ဆိုတဲ့ နိုက်ထရိုဂျင်၊ ဖေါ့စဖိတ်နဲ့ ပိုတက်စီယမ် အချိုးရောစပ်လို့တဲ့။ ပုတ်သိုးတာတွေ မပါလို့ အခန်းထဲထားလဲ ဘာအနံ့မှ မရှိ။ (ရုံးမှာ ကိုယ်တိုင်လုပ်ထားတဲ့ပုံတွေ တင်ပေးလိုက်တယ်။)
ချက်ပြုတ်ပြီးသားတွေဆိုယင် ဘိုကာရှီနည်းနဲ့ လေလုံပုံးနဲ့ အချဉ်ဖေါက်၊ ၂ ပတ်ထား၊ ပြည့်ယင် မြေကြီးထဲထည့်၊ ဒါမှာမဟုတ် ခုနက လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်စိမ်း၊ ဘုရားပန်းဆွေးတွေနဲ့ ရောလိုက်ယင် ၂ လကြာယင် ဆွေးပြီ။ (ဘိုကာရှီက ချည်စုတ်တဲ့ အနံ့ရှိတော့ အိမ်တွင်းမှာထားဖို့ခက်တယ်၊ လေလုံပုံးနဲ့ထားသော်လည်း အဖွင့်အပိတ်မှာ ထွက်လာသည့် အနံ့က မခံနိုင်ဘူး အခန်းအပြင်မှာထားယင် ဘေးခန်းတွေအတွက် အားနာရတယ်။ နောက်ဆုံး မြေကြီးနဲ့ရောယင် အနံ့မထွက်အောင် သေချာမြှုတ်ရတယ်။)
ပလပ်စတစ်၊ စက္ကူ၊ သတ္တုဗူး၊ သံတိုသံစ၊ သစ်တိုသစ်စ၊ မှန်ကွဲ စသည့်အရာအားလုံးဟာ အသုံးဝင်တဲ့ပစ္စည်းဖြစ်အောင် ပြန်လုပ်လို့ရတာချည်း ဖြစ်ပါတယ်။ နောက်ဆုံး လုံးဝပစ်စရာဆိုလို့ အနည်းငယ်သာ ရှိပါတယ်။ စပစ်ကတည်း (၁) ဟင်းသီးဟင်းရွက်၊ ပန်းစတာတွေအတွက် တစ်ခု (၂) ချက်ပြုတ်ပြီးသား ထမင်းဟင်းကျန်တွေက တစ်ခု (၃) ပလပ်စတစ်၊ စက္ကူ၊ သတ္တုဗူး၊ သံတိုသံစ၊ သစ်တိုသစ်စတွေကတစ်ခု (၄) အဲဒီ ပလပ်စတစ်၊ စက္ကူစတာတွေမှာမှ ဆီပေနေတာက တစ်ခု စသည်ဖြင့် ၄ မျိုးခွဲ ပစ်ပေးယင်တော့ အမှိုက်ခွဲရတဲ့နေရာမှာ လူအင်အားသုံးရတာ အင်မတန် သက်သာမှာ ဖြစ်ပါတယ်။
တကယ်တော့ ဘာမှ ခက်တာမဟုတ်ဘူး၊ သို့သော်လည်း ဒီလုပ်ငန်းစဉ်အောင်မြင်ဖို့ ငွေ၊ လူ၊ အချိန်နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ကျွန်တော်တို့လူတွေရဲ့ စိတ်ပါဝင်စားမှု လိုပါတယ်။ လူ့လောကဆိုတာကလည်း စိတ်ဝင်စားစရာတွေက အများသားလား၊ တိုးတက်တဲ့တိုင်းပြည်ကလည်း တိုးတက်တဲ့အလျှောက်၊ ဆင်းရဲတဲ့တိုင်းပြည်ကလည်း ဆင်းရဲ့တဲ့အလျှောက်၊ ချမ်းသာသူကလည်း ချမ်းသာလို့၊ ဆင်းရဲသားကလည်း ဆင်းရဲလို့၊ မရှိမရှားကလည်း သူ့အကြောင်းနဲ့သူ အားလုံးဟာ စိတ်အာရုံတွေနောက်လိုက်ပြီး လောကအတွက်၊ ပတ်ဝန်းကျင်အတွက်ဆိုတာ မစဉ်းစားဖြစ်ကြဘူး၊ စဉ်းစားမိယင်တောင်မှ မဖြစ်နိုင်တဲ့ အလုပ်ကြီးတစ်ခုလို၊ လက်လျော့တတ်ကြတယ်။
ကမ္ဘာ့အစိုးရတွေကိုယ်တိုင် ဒီကိစ္စကို အောင်မြင်အောင် မလုပ်နိုင်ကြသေးဘူး၊ ဒီမိုကရေစီသမားတွေကလည်း မဲမရမှာစိုးလို့ လူများစုအကြိုက်တွေလိုက်နေရတာနဲ့၊ အာဏာရှင်တွေကြတော့လည်း ကိုယ်တိုင်က အတ္တကြီးလွန်းလို့ အာဏာရှင်ဖြစ်လာကြတာမို့ သဘာဝအရ ဒီကိစ္စမျိုးတွေကို စိတ်မဝင်စားဘူး၊
တကယ်တော့ ကမ္ဘာပေါ်မှာ စိတ်ခံစားမှုအတွက်၊ ကြွားဝါဖို့အတွက်၊ ရူးသွပ်ဖို့အတွက် မလိုအပ်ပဲ ဖြုန်းပစ်ခဲ့ကြတဲ့ ငွေတွေ တစ်နှစ်တစ်နှစ် အများကြီးရှိတယ်။ အဲဒီ ငွေတွေကိုသုံးပြီး လူတွေငှား၊ မြေနေရာသုံး၊ စက်ကရိယာသုံး၊ စိတ်ဝင်တစား လုပ်ကြယင် မဖြစ်နိုင်စရာ မရှိပါဘူး။
ကိုအေးကျော်ကြီး ပြောသာပြောရတာ၊ ကိုယ့်အိမ်၊ ကိုယ့်ညီအစ်ကိုမောင်နှမ၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်ရုံးကတပည့်တွေတောင် ဒီကိစ္စအတွက် စည်းရုံးလို့မရဘူး၊ ကိုယ်လုပ်တုန်းခနပဲ၊ ကိုယ်မအားတာနဲ့ ဆက်မလုပ်ကြဘူး။
လူတွေက မအားကြဘူး၊ ငွေရှာဖို့ အလုပ်လုပ်ရတယ်၊ ဖေ့ဘုတ်ပွတ်ရတယ်၊ ကိုရီးယားကားကြည့်၊ ဘောပွဲကြည့်၊ ဂေါက်ရိုက်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဖုန်းဆက် အတင်းပတင်း၊ အတင်းလေးတွေပြော၊ သားသမီးတွေ ကျောင်းပို့၊ ဘုရားရှစ်ခိုး ပုတီးစိတ်၊ အလှူလုပ်၊ ရှော့ပင်ထွက် ဘယ်သူမှ အမှိုက်ကိစ္စ စဉ်းစားရအောင်၊ အိမ်က မီးဖိုချောင်မှာ အမှိုက်တွေ ခွဲပစ်အောင် မအားကြဘူး။
တော်သေးပြီ၊ ကိုအေးကျော်မအားဘူး၊ ဈေးရောင်းလိုက်ဦးမယ်၊ အားမှဆက်ရေးပါ့မယ်။
hi
nice to meet you