သူကနပိုလီယန်၊နောက်လူကဗိုလ်ချုပ်အောင်ဆန်း
သူကနပိုလီယန်၊နောက်လူကဗိုလ်ချုပ်အောင်ဆန်း
အောင်မြင်လိုသူမှန်သမျှ၊၊အောင်မြင်နေသူမှန်သမျှထားရှိကြသောအခြေခံသဘောထားများထဲတွင်သည်းခံခြင်းတရား(ခန္တီတရား)နှင့်ဥပေက္ခာတရားထိုနှစ်ပါးပါဝင်သည်။ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီးကဥပေက္ခာသည်အဖ၊ခန္တီသည်အမိဟုညွှန်ပြခဲ့၏။ဥပေက္ခာ၏သဘောကိုညွှန်ပြရာ၌မိမိကိုကြည်ညိုလေးမြတ်သောသူ၊ပူဇော်သောသူ၊ချီးမြှောက်သောသူဟူ၍လည်းသာယာခင်မင်စိတ်အထူးမရှိ၊မိမိကိုပြစ်တင်ပြစ်မှားသောသူ၊ညှဉ်းပန်းနှိပ်စက်သောသူ၊ကဲ့ရဲ့ရှုတ်ချသောသူဟူ၍လည်းမသာယာခြင်း၊မုန်းတီးခြင်းမရှိ။ထိုနှစ်မျိုးနှစ်ဦးတို့၌စိတ်နှစ်မျိုးမရှိခြင်းကိုဥပေက္ခာပါရမီဟုဆိုလိုသည်ဟုညွှန်ပြတော်မူခဲ့ပါသည်။ယခုခေတ်အချို့လူများဆိုလျှင်သူများကိုရစရာမရှိအောင်မှိုချိုးမျှစ်ချိုးပြော၊ပက်ပက်စက်စက်ပြော၊တစ်ယောက်ထဲပြောအားမရှိ၍အုပ်စုဖွဲ့၊ယိမ်းတိုက်သလိုလူညှိပြီးနေရာအနှံ့ပြော၊ကိုယ့်ကိုပြောလာကဆက်ဆက်ထိမခံ၊ကက်ကက်လန်ရန်တွေ့၊အုပ်စုလိုက်သဲသဲမဲမဲစုပေါင်းအပုပ်ချ၊မကောင်းပြောလာသူဒို့ရန်သူသတ်မှတ်သူများသတိထားသင့်သောစိတ်ထားဟုဆိုနိုင်သည်။သည်းခံစိတ်ထားဆိုရာ၌အရာရာကိုသည်းခံခြင်းအပြင်ပူမှုအေးမှု၊ဆာလောင်မွတ်သိပ်မှုအထိပါသည်းခံနိုင်ရန်ခန္တီသဘောဆိုမိန့်ခဲ့ပါသည်။
အောင်မြင်မှုတစ်ခုရရှိရန်အချိန်ကာလတစ်ခုပေးရပါသည်။ထိုအချိန်ကာလကိုကြိုးစားနေချိန်၊ပြုစုပိုးထောင်နေချိန်၊ဘဝတည်ဆောက်နေချိန်၊ရုန်းကန်ဆဲကာလဟုသတ်မှတ်ကြသည်။ထိုကာလ၌စော်ကားခြင်း၊အထင်အမြင်သေးခြင်း၊ပျက်လိုပျက်စီးပြောဆိုခြင်း၊လူရာမသွင်းခြင်း၊ဘေးဖယ်ခြင်း၊လှောင်ပြောင်သရော်ခြင်းစသည်စသည်တို့မလွဲမသွေကြုံတွေ့ကြရပါမည်။ကိုယ့်ကိုကိုယ်ယုံကြည်မှုမြှင့်တင်၊ကိုယ်ရည်ကိုယ်သွေးမြင့်မားအောင်လုပ်၊ကိုယ့်လမ်းကိုယ်လျှောက်၍ကိုယ့်ပန်းတိုင်ကိုယ်ရောက်ရန်သာအာရုံပြုကြည့်ရပါမည်။တက္ကသိုလ်ပါမောက္ခချုပ်ကြီးသည်ဘွားကနဲပေါ်လာ၍ပါမောက္ခချုပ်ကြီးတန်းကနဲဖြစ်လာသည်မဟုတ်။ကကြီးခခွေး၊အေဘီစီ၊တစ်နှစ်သုံးလေးအော်ဆိုအော်ကျက်၊ကုန်းရေးရာမှပါမောက္ခချုပ်ကြီးများဖြစ်လာပါသည်။ထိုအချက်ကိုလက်ခံရပါမည်။အဆင့်ဆင့်ကြိုးစားယူရပါသည်။ကြိုးစားမေချိန်၌အပျက်စိတ်ထားဖြင့်ပြောကြားပိတ်ဆီးလာကဥပေက္ခာနှင့်ခန္တီတရားကျင့်သုံးကျော်လွှားရပါမည်။
ကိုယ်ကြိုးစားနေရချိန်၊အောင်မြင်မှုအတွက်တည်ဆောက်နေရချိန်တွင်ဥပေက္ခာသဘော၊ခန္တီသဘောထားနိုင်ရန်အခြေခံသဘောထားအမြင်ကျယ်ပြန့်ရမည်။အရပ်ပြောပြောကသဘောထားကြီးသည်ဟုပြောရမည်။ကိစ္စအကန့်အသတ်၊နယ်ပယ်အကန့်အသတ်၊အချိန်အကန့်အသတ်ရှိဖို့လိုသည်။ကြားလာသမျှ၊ကြုံလာသမျှကိစ္စရပ်တိုင်း၊နယ်ပယ်တိုင်းအားအာဂုံမသွင်းဖို့လိုသည်။ကြားကြားသမျှငါ့ကိစ္စ၊ကြုံကြုံသမျှငါ့ကိစ္စ၊လာလာသမျှငါ့ကိစ္စဟုအရေးတကြီးသဘောထား၊ပတ်သက်စိတ်ဝင်စားကလမ်းကြောင်းပျောက်တတ်သည်။အောင်မြင်ချိန်နောက်ကျပန်းဝင်တတ်သည်။နေရာတကာဝင်၍ပါအသင်ဘာကောင်နည်း၊ပွဲထဲကဝန်၊လမ်းပြညွှန်၊ဝန်ကြီးပြောသလိုဖြစ်တတ်သည်။အညာဇာတ်ပွဲလူပျက်များပျက်လုံးထုတ်ရာ၌ရံဖန်ရံခါဝန်ကြီးအဝတ်ကြီးဝတ်လာပြီးဝမ်ထွက်စာမရွတ်ပဲ၊သဲဟဲဟဲ ငါဘာကောင်ပါလိမ့်ဟုသူ့ကိုယ်သူပြန်ကြည့်ရာ၊ကိုယ့်ကိုကိုယ်မှဘာကောင်မှန်းမသိသည့်ဝန်ကြီးပွဲထွက်လာသည့်ဇာတ်ပွဲကိုလာအားပေးမိသည့်ပရိသတ်ကငါတို့အလွန်အသည်၊နသည်ဟုသဘောထားကာရယ်ကြမောကြသည်။ထိုအခါမှသူ့ကိုယ်သူပြန်ကြည့်ပြီးသောလူပျက်က ဟာ....ဟုတ်ပြီ....ဟုတ်ပြီ....၊ကျုပ်ကဝန်ကြီး၊ဝန်ကြီးကကျုပ်၊ဇာတ်ဆရာရေးပေးတဲ့ဝန်စာကိုညကြေးရအောင်ကျုပ်ဝန်မင်းဝန်စာရွတ်မယ်ဟုဆိုကာဝန်စာရွတ်သည်။ပရိသတ်က တဝါးဝါးတဟားဟား။အောင်မြင်မှုတည်ဆောက်သူသည်ဇာတ်စင်ပေါ်မှလူရွှင်တော်မဟုတ်။စိတ်ကူးယဉ်မရသောဘဝတိုက်ပွဲ၌ကိုယ့်ရည်မှန်းချက်အောင်မြင်စေရန်သတိမမေ့ဖို့၊မျက်ခြည်မပျက်ဖို့အမြဲလိုသည်။
အောင်မြင်လိုသူ၊အောင်မြင်နေသူမှန်သမျှနေတတ်ထိုင်တတ်ရမည်။ကိုယ့်ကိုကိုယ်ငါ့ဘဝရည်မှန်းချက်ကဘာ၊ငါ့ယခုလက်ရှိအဆင့်ကဘာဟုသိရှိရုံမျှမကအကျိုးဖြစ်ထွန်းလာဖွယ်မရှိကအရေးတကြီးသဘောမထားပဲသည်းခံတတ်၊လစ်လျူရှုတတ်ရသည်။ကမ္ဘာကျော်စစ်သူကြီးလောင်းလျာနပိုလီယန်နှင့်အဖော်နှစ်ဦးကိုကဖေးဆိုင်တစ်ဆိုင်ထဲ၌အမူးလွန်နေသေ.အမူးသမားတစ်ဦးကအကြောက်းမဲ့စိန်ခေါ်သည်။နပိုလီယန်၏အဖော်နှစ်ဦးကထိုအမူးသမားကိုတုဖက်၍ယှဉ်ပြိုင်လိုသည်။အပြတ်ရှင်းပစ်ခဲ့ချင်သည်။နပိုလီယန်ကကိုယ်တိုင်လည်းတုဖက်မပြိုင်၊ကျန်နှစ်ယောက်ကိုလည်းတုံ့ပြန်ခွင့်၊ပြဿနာဖြစ်ခွင့်မပေး။နပိုလီယန်၌ကြီးကျာ်သောအောင်မြင်မှုရရှိရန်ကြိုးပမ်းရဦးမည်ဖြစ်သောကြောင့်သာမန်အသေးအဖွဲကိစ္စဖြင့်အချိန်ကုန်မခံနိုင်။အမူးသမားရန်စစော်ကားမှုကိုဥပေက္ခာပြုကာကဖေးဆိုင်မှအေးအေးဆေးဆေးထွက်ခွာပေးခဲ့သည်။နောင်များမကြာမီအချိန်အတွင်းမှာပင်လျှင်ကမ္ဘာကျော်စစ်သူကြီး၊ဧကရာဇ်မင်း နပိုလီယန်အဖြစ်အောင်မြင်လာ၏။
၁၉၄၇ခုနှစ်ဝန်းကျင်ကရခိုင်ပြည်သို့သတင်းစာ၊ဂျာနယ်အရောက်အပေါက်နည်းသည်။ရုပ်မြင်သံကြားစက်လည်းမရှိသေး။၁၉၄၇ခုနှစ်ဧပြီ၃ရက်နေ့ကရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်၊မြေပုံမြို့သို့ရောက်ရှိနေသောဗိုလ်ချုပ်အောင်ဆန်းသည်ည ၇ နာရီခန့်လရောင်မလင်းတလင်းတွင်သတင်းစာဆရာဦးပုကလေး၊ဗိုလ်မင်းလွင်တို့နှင့်စကားပြောနေစဉ်ဗိုလ်မင်းလွင်၏ရဲဘော်တစ်ယောက်ဝင်လာပြီးဗိုလ်ချုပ်အောင်ဆန်းအား၊ဒီရဲဘော်ကဘယ်ကလည်း၊ဘီအိုင်အေကထဲကပါခဲ့တဲ့ရဲဘော်လားဟုဗြုန်းစားဒိုင်းစားမေးချလိုက်သည်။ဗိုလ်မင်းလွင်မှာခေါင်းမီးလောင်ခံရသကဲ့သို့ဖြစ်သွားပြီး၊ထိုစကားမေးလာသောရဲဘော်အား ဟ...ဟ...ဟကောင်၊အဲဒါ ဗိုလ်ချုပ်.....ဗိုလ်ချုပ်ဟု ပျာပျာသလဲပြောမှ ထိုရဲဘော်ကဗိုလ်ချုပ်အောင်ဆန်းမှန်းသိသွားပြီးချာကနဲလှည့်ကာဝေးရာအမှောင်ထုထဲသို့ဒုန်းပြေးထွက်သွားသည်။ဗိုလ်ချုပ်အောင်ဆန်းစိတ်ဆိုးပါသလား။ဗိုလ်မင်းလွင်အားဆူပူပါသလား။ထိုရဲဘော်အားမထီမဲ့မြင်ပြုမှုဖြင့်အရေးယူခိုင်းပါသလား။မဆူပူပါ။မခိုင်းပါ။နေတတ်ထိုင်တတ်၊ရင်ဆိုင်ဖြေရှင်းတတ်သောခန္တီတရား၊ဥပေက္ခာတရားအကျိုးကြောင့်တဝါးဝါး တဟားဟားသာ ဗိုလ်ချုပ်အောင်ဆန်းကရယ်မောနေ၍ သည်ဖြစ်ရပ်သည်မှာပဲပွဲပြတ်စခခန်းရပ်ပါသည်။အသေးအဖွဲကိုရေးကြီးခွင်ကျယ်သဘောမထားပါ။ပေါ့ပေါ့ပါးပါးတဟားဟားရယ်ပြ၍ပြီးစီးခဲ့ပါသည်။
လူတိုင်းလူတိုင်းနပိုလီယန်မဟုတ်ကြ၊ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ကြဟုစောဒကတက်လာငြားအံ့။ကိုယ့်ဝန်ကိုယ့်အား၊ကိုယ့်အခြေအနေနှင့်ညီညွတ်သည့်နေတတ်ထိုင်တတ်မှုတော့အနည်းဆုံးလိုအပ်ပါမည်ဟုဖြေဆိုလိုပါသည်။ထိုသို့နေတတ်ဖို့သည်းခံစိတ်ထား၊ဥပေက္ခာစိတ်ထား ထားသင့်ကထားရပါကြောင်း။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC No.154
27.12.2017,Wed
G
ကျေးဇူးတင်ပါတယ်။
Thanks for your sharing
Thanks for reading.
အရမ်းကောင်းတဲ့စာပါပဲရှင်။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဗဟုသုတ တွေ သိသင့်တာတွေ ပြန်ပြီး ဝေမျှ တာကို လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ။
တတ်နိုင်သလောက်ဆက်လက်ရေးသားပါအုံးမယ်။
အရမ်းကောင်းတယ် ဆရာ
ကျနော့်အတွက် များစွာအထောက်ကူဖြစ်စေပါတယ်
ကေိးဇူးပါ
ခုလိုကြားရတော့ဝမ်းသာပါတယ်။ဆက်လက်စောင့်မျှော်အားပေးပါဦး။
ခန္တီရော ဥပေက္ခာရော ကိုယ့်အတိုင်းအတာတခုထိထားနိုင်ကြမယ်ဆို ပြဿ နာတွေအတော်လျော့နည်းသွားမယ်ထ်ပါတယ် ဆရာ...
ကိုယ့်အတိုင်းအတာတစ်ခုထိကျင့်ကြံနိုင်အောင်ကြိုးစားကြရမှာပါ။အားလုံးတော့မလွယ်ပါဘူး။
good writing
Thanks
ဗိုလ်ချုပ်တို့လို ဥပေက္ခာနဲ့ ခန္တီစိတ်ထားဖို့ကလည်း ခက်ခဲပါတယ်
တကယ်မလွယ်ကူတဲ့ကိစ္စပါ
အရမ်းကောင်းပါတယ်
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပါ။
ဆရာ့ကြီးရေးသားသောစာများအားဖတ်ရှုခွင့်ရသည့်အတွက်ကျေးဇူးအများကြီးတင်မိပါတယ် ဆရာကြီးခင်ဗျာ
အားလုံးကခုလိုကြိုဆိုတဲ့အတွက်ဝမ်းသာရပါတယ်။အချိန်ရရင်ရသလိုကြိုးစားပြီးရေးပါဦးမယ်။ကျေးဇူးတင်ပါတယ်။