ထာဝရလှပနေမည့်ငယ်ချစ်ဦး
ထာဝရလှပနေမည့်ငယ်ချစ်ဦး
အလှအပကိုမြတ်နိုးတတ်ခြင်းသည်လူ့သဘော၊လူ့သဘာဝလူ့စရိုက်ဖြစ်သည်။ပန်းပွင့်ပန်းခိုင်ကိုစားသုံး၍မရမှန်းလူတိုင်းသိကြပါသည်။စားသုံးမရသော်လည်းမြတ်နိုးချစ်ခင်တန်ဖိုးထားကြသည်။
ကျေးငှက်သာရကာလေးများ၏သဘာဝမြည်ကျူးသံသည်အနောက်တိုင်းတေးလည်းမဟုတ်၊အရှေ့တိုင်းတေးလည်းမဟုတ်၊ဂန္တဝင်သံစဉ်လည်းမဟုတ်၊ဟစ်ဟော့မဟုတ်၊ဟဲဗီးမဟုတ်၊ပေါ့မဟုတ်၊သို့ရာတွင်သဘာဝတွတ်တီးတွတ်တာမြည်ကျူးသံကိုနားထောင်၍လူသားတို့ကြည်နူးကြသည်။
သစ်ပင်၊မြစ်ချောင်း၊တောတောင်တို့သည်ကိုယ့်အိမ်၊ကိုယ့်ရွာ၊ကိုယ့်ယာမဟုတ်။သို့ရာတွင်သစ်ပင်၊မြစ်ချောင်း၊အင်း၊အိုင်၊တောတောင်အလှကိုလူသားတို့မြတ်နိုးကြသည်။
လူသားတို့၏စိတ်ထား၌အပြုစိတ်ထား၊အကောင်းမြင်စိတ်ထားလည်းရှိကြ၏။ထိုစိတ်ထားရှိသူတို့သည်မြင်မြင်သမျှဤလောက၌အလှတရားတို့ဖြင့်ပြည့်နှက်နေသည်။လှပနေသည်ဟုရှုမြင်ကြသည်။ကမ္ဘာကြီးအလှ၊နေမင်းကြီးအလှ၊လမင်းကြီးအလှ၊ကြယ်နက္ခတ်တာရာအလှ၊ပိတောက်၊ငုဝါ၊နှင်းဆီ၊စံပယ်၊ဇလပ်ခတ္တာပန်းရတနာအဖြာဖြာ၏အလှ၊လူသားအလှ၊ဝန်းကျင်အလှ၊ထိုအလှအပကိုမြတ်နိုးနေကြသကဲ့သို့ဘဝကိုအလှဆင်ရန်၊လောကကိုအလှဆင်ရန်လည်းကြိုးစားကြသည်။ကိုယ့်ဘဝလှပဖို့၊မိသားစုဘဝလှပဖို့၊ကျေးရွာလှပဖို့၊ကိုယ့်နိုင်ငံလှပဖို့၊ကိုယ့်ဘာသာသာသနာယဉ်ကျေးမှုလှပဖို့၊ကမ္ဘာမြေကြီးကျန်းမာလှပဖို့တတ်စွမ်းသမျှကြိုးစားကြအားထုတ်ကြသည်။လူသားတာဝန်ကျေပွန်ကြသည်။
ထိုအပြုစိတ်ထားရှိသောအလှဆင်သူများနှင့်ဆန့်ကျင်ဖက်စိတ်ထားရှိသူများမှာအဖျက်စိတ်ထား၊မကောင်းမြင်စိတ်ထားရှိသူများဖြစ်သည်။ထိုသူတို့သည်အလှဝန်တို၊အလှကိုငြိုငြင်ရာမှအလှ၏ဆန့်ကျင်ဖက်အရုပ်ဆိုးအကျည်းတန်ဘဝသိသိသာသာရောက်သွားရသည်။အကျည်းတန်အရုပ်ဆိုးစေသောပူပူလောင်လောင်စိတ်ဓာတ်မွေးမြူကြသည်။ရန်ငြိုး၊အာဃာတ၊အမုန်း၊အဘိဇ္ဈာ၊ဣဿာ၊မစ္ဆရိယ၊ကိုယ့်ကိုကိုယ်မယုံကြည်တော့မှု၊သံသယကြီးမားမှု၊ကိုယ့်အချင်းချင်းရောအခြားသူများကိုပါသံသယဖြင့်အမြဲတစေစောင့်ကြည့်နေတတ်မှု၊သံသယဖြင့်ဆက်ဆံမှု၊ကိုယ့်ကိုကိုယ်စိတ်မချတိုင်းဘယ်သူ့ကိုမှမယုံတော့မှု၊ထိုထိုသောအခြေခံအမြင်မှားယွင်းမှုကထုနှင့်ထည်နှင့်ဖြစ်လာသောအခါအပျက်စိတ်ထား၊အဖျက်စိတ်ထား၊မကောင်းမြင်စိတ်ထားကထိုသူတို့ကိုမကောင်းကျိုးပေးလာပါသည်။ဘယ်သူဘာလုပ်လုပ်အကောင်းမမြင်နိုင်တော့ပဲမကောင်းသည့်အချက်အလက်ကိုသာရှုမြင်ထောက်ပြ၍မကောင်းစိတ်လုံးလုံးဝင်လာပါသည်။ထိုအခါကမ္ဘာသုံးဝေါဟာရတစ်မျိုးဖြစ်သောcynic(စိတ်ဓာတ်ရေးရာအချဉ်ပေါက်နေသူများ)များပေါ်လာပါသည်။
ထမင်း၏မူလဂုဏ်သတ္တိမှာအချဉ်မဟုတ်။မူလဂုဏ်သတ္တိပျက်ပြယ်သောအခါအချဉ်ဘဝရောက်ရသည်။cynic(စိတ်ဓာတ်ရေးရာအချဉ်ပေါက်နေသူ)တို့သည်သရော်စော်ကားခြင်း၊လှောင်ပြောင်ခြင်း၊မထီမဲ့မြင်ပြု ခြင်း၊
အခြားသူများအားပျက်စီးစေရန်ပစ္စလက္ခတ်မှိုချိုးမျှစ်ချိုးပြောခြင်း၊အပျက်စိတ်ထားဖြင့်အပျက်သဘောရှုမြင်ကာမကောင်းမြင်၊မကောင်းပြော၊မကောင်းလုပ်လုပ်လာသည်။cynicတို့သည်သူတို့ထက်နိမ့်ကျသူ၊သူတို့နှင့်တန်းတူရည်တူလူတို့ကိုရန်လိုကြ၊ရန်ရှာကြ၊မနာလိုမုန်းထားကြသည်။
ထူးခြားသောcynic(စိတ်ချဉ်ပေါက်သမား)တစ်မျိုးမှာသူတို့ထက်နိမ့်ကျသူ၊တန်းတူရည်တူလူများကိုသဲသဲမဲမဲရှုတ်ချပြောဆိုနှိမ့်ချဆက်ဆံသော်လည်းသူတို့ထက်အာဏာ၊ရာထူး၊ဥစ္စာငွေကြေး၊ဩဇာအရှိန်အဝါ၊လွန်စွာကြီးမားသူများကိုဒူးတုပ်ခစား၊ဘုရားထူးမော်ဖူးကာဘုရင့်ခေတ်ကကျေးတော်မျိုးကျွန်တော်မျိုးတို့ကဲ့သို့အလွန်အကျူးရိုသေညွတ်တွားလျှက်လူ့ဂုဏ်သိက္ခာမြေကျနီးပါးအောက်ကျနောက်ကျခံဆက်ဆံကြသည်။cynicစိတ်ဓာတ်လုပ်ရပ်ကားသုတေသနပညာရှင်များပင်လျှင်အံ့ဩရသည်။cynicတို့သည်တောင်တောကိုသာသာယာစေချင်သည်။မြောက်တောသာယာသည်ကိုမကြိုက်။အရှေ့တောကိုခမ်းခြောက်စေလိုသည်။အနောက်တောကိုမူစိမ်းလမ်းစိုပြေစေချင်ကြသည်။တစ်ခါတစ်ရံ၌တောအားလုံးခြောက်ကပ်သေလျှင်သစ်ရွက်ကြွေလှဲရသက်သာသဘောမျိုးလည်းခံယူကြသည်။လိုလျှင်လှ မလိုလျှင်မလှဟူသောသဘောလည်းထားကြသည်။cynicတို့သည်သူတို့ကအနိုင်ရသောအချိန်၌အခြားသူများကိုရက်စက်ချိုးနှိမ်ကြသကဲ့သို့၊သူတို့ကရှုံးနိမ့်အားနည်းသောအချိန်၌လည်းကောက်ကျစ်စဉ်းလဲတတ်သည်။အရာရာကိုယျေဘုယျသဘောအားဖြင့်cynicတို့ကအဆိုးမြင်သောအခါမြင်မြင်သမျှဘာမှအကောင်းမထင်၊အကောင်းမမြင်။အညာရွာတစ်ရွာတွင်အမူးသမားတစ်ဦးကမူးမူးဖြင့် မကောင်းတဲ့လူတွေ ဒို့ရွာထဲလှည့်ရှာရင် ငါကတစ်၊အဖေကနှစ်၊အမေကသုံး၊ကျန်တာတစ်ရွာလုံးဟေ့ဟုပြောသလိုပြောတတ်ကြသည်။
ကျွန်တော်ငယ်ငယ်ကထဲကချစ်ခဲ့ရသောငယ်ချစ်ဦးမှာcynic(စိတ်ဓာတ်ရေးရာနိမ့်ကျသူ၊စိတ်ချဉ်ပေါက်သူ၊စိတ်ချွတ်ယွင်းသူ)တို့နှင့်ဆန့်ကျင်ဖက်သဘောထား၏။မြန်မာပီပီမြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာစိတ်ထားဖြင့်ခပ်ရိုးရိုးပဲသူ့အမြင်ပြောပြ၏။
တောင်၊တော၊ရယ်သာ။
မာလကငုံဖူး။
တစ်ပင်ကိုနှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး။ ။တဲ့။
ဘယ်တောင်သာပါစေ၊မသာပါစေ၊ဘယ်တောသာပါစေ၊မသာပါစေ၊ဘယ်ပန်းဖူးပါစေ၊မဖူးပါစေ၊ဘယ်ကျေးငှက်သာရကာသာပါစေ၊မသာပါစေနှင့်ဟုလုံးဝမပါ။အလှအပကိုမြတ်နိုးတတ်သောလူသား၏အလှချစ်နှလုံးသားဖြင့်သာယာလှပသောတော၊တောင်၊ပန်းမာလ်နှင့်ကျေးငှက်သာရကာတို့၏အလှအပအားလုံးကိုချစ်မြတ်နိုးစွာဗြဟ္မစိုရ်စိတ်ထားဖြင့်ကြည့်မြင်ပြောပြသည်။အားလုံးအားလုံး၏အလှအပကိုဗြဟ္မစိုရ်စိတ်ထားကောင်းဖြင့်တင်ပြပြောကြားသောအခါပင်ကိုယ်အလှတွင်အယဉ်ဆင့်လေသည်။
ဒေသန္တရခရီးသည်ငါးရာဝတ္ထုတော်၌ဗြဟ္မဝိဟာရအမြင်ကိုဗြဟ္မစိုရ်အမြင်ဟုလည်းခေါ်၏။ယင်းအမြင်သည်မေတ္တာအမြင်၊ဂရုဏာအမြင်၊မုဒိတာအမြင်၊ဥပေက္ခာအမြင်တို့ဖြစ်ကြ၏။လောကကိုမေတ္တာအမြင်ဖြင့်ကြည့်သောအခါအားလုံးကိုချစ်စရာချည်းဟုမြင်၏။ဂရုဏာအမြင်ဖြင့်ကြည့်သောအခါအားလုံးကိုကြင်နာစရာချည်းဟုမြင်၏။မုဒိတာအမြင်ဖြင့်ကြည့်သောအခါအားလုံးကိုဂုဏ်ယူစရာချည်းပဲဟုမြင်၏။ဥပေက္ခာအမြင်ဖြင့်ကြည့်သောအခါအားလုံးကိုလူသားချင်းအတူတူချည်းပဲဟုမြင်၏။ဤအမြင်လေးမျိုးဖြင့်ကြည့်ခြင်းကိုဗြဟ္မဝိဟာရအမြင်ဖြင့်ကြည့်ခြင်းဟူ၍လည်းကောင်း၊ဗြဟ္မာအမြင်ဖြင့်ကြည့်ခြင်းဟူ၍လည်းကောင်းဆိုရ၏ဟုလမ်းညွှန်ပြသဆိုဆုံးမဟောကြားတော်မူခဲ့သည်။
ကျွန်တော်ငယ်ငယ်ကထဲကချစ်မြတ်နိုးခဲ့ရသောငယ်ချစ်ဦးထိုကဗျာလေးသည်အမြင်ကောင်းလေးမျိုးဖြင့်လောကကိုအကောင်းမြင်ထားရာအစဉ်ထာဝရလှပနေမည်သာဖြစ်ပါသည်။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
**တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC-154
11.2.2018,Sun
ဆရာရဲ့ စာစောင်တွေ အမြဲဖတ်ရှု လေ့လာမှတ်သားထားပါတယ် ဆရာ ကေိးဇူးပါဆရာ
ဝမ်းသာစရာပါ။ခုလိုကြားရတဲ့အတွက်။ကျေးဇူးလည်းတင်ပါတယ်။
ကောင်းတယ်ဗျ အားပေးနေပါတယ် bro
ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်။
အရမ်းကောင်းတဲ့ post တစ်ခုပါ ဆရာ။
ခုလိုကြားရတာဝမ်းသာပါတယ်။
ဗဟုသုတရပါတယ် အစ်က်ုရေ အမြင်လေမျိုးနဲ့ကြည့်တတ်ဖို့ကြိုးစားဦးမဟ်
ကျင့်ကြံနိုင်ရင်အကောင်းဆုံးပါ
အားပေးသွားတယ်
ကျေးဇူးတင်ပါတယ်။
Fighting
Thanks
Voteပီးပီ
Thanks
အားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်။
စာကောင်းလေးတွေပေးဖတ်တာကျေးဇူးပါ
ဖတ်ရှုတာကျေးဇူးပါ
အရမ်းကောင်းပါတယ်ရှင်
ကျေးဇူးတင်ပါတယ်။