ယောက်ျားဘသား.....လူသားအားမာန်ပြသပါလား
ယောက်ျားဘသား.....လူသားအားမာန်ပြသပါလား
သမုဒ်ရေပြင်ကိုစောင့်ရှောက်ရသောမဏိမေခလာနတ်သမီးသည်သမုဒ်ရေပြင်ကျယ်ကိုလက်ပစ်ကူးနေသောသူအားကြည့်၍သံသယဝင်မိသည်။ဒီလူသားဟာသေဘေးကိုကြောက်လန့်၍သွေးရူးသွေးတန်းကူးနေလေရော့သလား၊ကမ်းမမြင်လမ်းမမြင်သမုဒ်ရေပြင်ဟုကြားများမကြားဖူးလေရော့သလား၊တစ်စုံတစ်ခုသောအကြောင်းထူးများရှိလေရော့သလား၊ကယ်သင့်မကယ်သင့်ဆုံးဖြတ်နိုင်ရန်လက်ပစ်ကူးနေသောထိုလူအနီးကိုယ်ထင်ရှားပြ၍စုံစမ်းမေးမြန်းသည်။အမေးခံရသောသူကားယောက်ျားဘသားလူသားအားမာန်ပြသပါလားဟူသောစိတ်ဓာတ်ဖြင့်လူသားအားမာန်ပြသနေသောအလောင်းတော်မဟာဇနကမင်းသား၊၊မေးလာသူကမေခလာနတ်သမီး။
အလောင်းတော်မဟာဇနကမင်းသားသည်ပင်လယ်ပြင်၌သူတို့စီးနင်းလာသောသင်္ဘောပျက်ကတည်းကအနှေးနှင့်အမြန်သေဘေးကျရောက်နိုင်ကြောင်းကိုသိလိုက်သည်။အခြားလူများကကယ်ပါ၊ယူပါ၊ကူညီပါ၊မှိုင်းမပါဟုတစာစာဟစ်အော်ငိုကြွေးသွေးပျက်နေကြသော်လည်းဇနကမင်းသားသည်ထိုသူများကဲ့သို့သွေးပျက်ချောက်ချားကယ်တင်ရှင်မမျှော်။ပြုဖွယ်ကိစ္စကို ကိုယ့်ကိစ္စ၌ကိုယ်ကိုတိုင်မပြုလုပ်ပဲအခြားသူကိုကယ်တင်ခိုင်းခြင်းသည်ဖြေရှင်းမှုနည်းမှားခြင်းဟုယူဆသည်။ကိုယ်ရေးကြုံလာပါကမိမိကိုယ်သည်သာမိမိကိုးကွယ်ရာဖြစ်ကြောင်း၊ကိုယ့်အခက်အခဲကိုကိုယ်သာဖြေရှင်းရမည့်အကြောင်း၊ဖြေရှင်းနိုင်ရန်ကာယအား၊ဉာဏအားလိုကြောင်းသဘောပေါက်သည်။ထို့ကြောင့်ရနိုင်သမျှအစာကိုအလျှင်အမြန်ပင်လျှင်ဝဝလင်လင်စား၊သင်္ဘောနစ်မြုပ်ပါကလူသေတို့ကိုသင်္ဘောပျက်အနီးလာစားမည့်ရေအောက်သတ္တဝါများဘေးရန်မှလွတ်ကင်းစေရန်ရွက်တိုင်ထိပ်ဖျားအရောက်တက်ကာသင်္ဘောနှင့်ဝေးနိုင်သမျှဝေးရန်အားစိုက်ခုန်ချပြီးနေ့ညမနားကူးခတ်သည်။
မဟာဇနကမင်းသားသည်မဏိမေခလာနတ်သမီးကလာရောက်ကယ်တင်လိမ့်မည်ဟုလည်းကြိုတင်မသိ။လာရောက်ကယ်တင်ပါဟုတစာစာဟစ်အော်မခေါ်ယူခဲ့။မျှော်လင့်လည်းမထား။လူသားတစ်ယောက်အနေဖြင့်ကြုံတွေ့လာသောဘေးအန္တရာယ်မှလွတ်မြောက်စေရန်သတ္တိရှိရှိဖြင့်ဇွဲ၊လုံ့လ၊ဝီရိယ၊အသိ၊သတိဖြင့်လူသားအားမာန်ထုတ်သုံးစွဲရင်ဆိုင်ခြင်းဖြစ်သည်။မဟာဇနကနှလုံးသား၌နတ်သမီးကယ်မမှငါ့ဘေးအန္တရာယ်လွတ်ကင်းလိမ့်မည်ဟုအားကိုးအတွေးအခေါ်လုံးဝမရှိ။ဘဝတွေ့ကြုံနေရသည်ကကြမ်းတမ်းသည်၊ခက်ထန်သည်၊မာကျောသည်၊သေဘေးတွေ့နေသည်။ရင်ဆိုင်သူကအသေမခံ၊လက်မမြှောက်ပဲအန်တုရင်ဆိုင်သည်။အန္တရာယ်ကအလွန်ထူပြောသည်။ရှောင်လွှဲမရ။ရင်ဆိုင်သူကကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှသတ္တိရှိရှိဖြင့်ရင်ဆိုင်ကျော်လွှားသည်။ဘဝကဆင်းရဲပင်ပန်းနာကျင်လှိုက်မောသည်။ထိုအခြေအနေကိုရှောင်လွှဲမရသောအခါတည့်တည့်ရင်ဆိုင်၍အစွမ်းကုန်တုံ့ပြန်သည်။ယောက်ျားဘသားလူသားအားမာန်၊လူသားစွမ်းအားပြပါလားဟုစိတ်မှကြိမ်းဝါးကာအားမာန်ပြသည်။လူသားဂုဏ်သိက္ခာ၊လူသားတန်ဖိုး၊လူသားစွမ်းရည်ကိုအစွမ်းကုန်အသုံးချသည်။
မဏိမေခလာကယ်တင်ခြင်းမှာပါရမီကိစ္စ၊ကံ ကံ၏အကျိုးပေး၊တိုက်ဆိုင်မှုဟုဆိုလာသော်မငြင်းဆန်လိုပါ။သို့ရာတွင်သင်္ဘောပျက်လျှင်ပျက်ချင်းကံပဲဟာသေချင်သေ၊ရှင်ချင်ရှင်ဟုဆိုလာ၍လူသားအားမာန်ဘေးချိတ်ထားကသေတန်ရာသည်။သေနိုင်ပါသည်။ချမ်းသာကြွယ်ဝမှုဆုံးရှုံးခြင်းသည်တစ်စုံတစ်ရာမျှသာဆုံးရှုံးခြင်း၊ရဲစွမ်းသတ္တိဆုံးရှုံးခြင်းကအရာအားလုံးဆုံးရှုံးခြင်းဟုပညာရှိများကဆိုမိန့်ခဲ့ကြပါသည်။မဟာဇနကမင်းသားသည်သေဘေးကျရောက်လာသည့်တိုင်သတိမလွတ်၊သတ္တိရှိရှိ၊ဇွဲလုံ့လဝီရိယရှိရှိဖြင့်ယောက်ျားတို့လုံ့လဝီရိယသေသည်အထိမလျှော့ထုံးအားမာန်ထုတ်သုံးရင်ဆိုင်ကျော်လွှားသောအခါသေဘေးမှလည်းလွတ်မြောက်ခဲ့ပါ၏။မင်းလည်းဖြစ်ခဲ့ရပါ၏။လူသားသတ္တိ၊လုံ့လဝီရိယကိုနတ်ကပင်လျှင်ကူညီခဲ့ရပါ၏။လူသားအားမာန်တန်ဖိုးသရုပ်လည်းမော်ကွန်းစိုက်ထူခဲ့ပါ၏။
ကျွန်တော်တို့ကိုယ်စီ၌ရှိနေ၊ကြုံတွေ့နေကြသောဘဝအမော၊ဘဝအခက်အခဲကိုသက်ပြင်းချ၊ခေါင်းကုတ်၊ငေးမှိုင်၊တွေးထိုင်နေမည်ကြံစည်မိတိုင်းမဟာဇနကမင်းသား၏ယောက်ကျားဘသားလူသားအားမာန်ပြသပါလားဟုလူ့ဘဝကိုတန်ဖိုးထားသော၊လူသားအားမာန်တန်ဖိုးထားသောရင်ဆိုင်မှုကိုသတိရကြစေလိုပါ၏။
ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်
@twingyiwunmaung
Msc-154
2.3.2018,Fri
လူသားအားမာန်ဟာ ဘယ်အရာကမှ တားမရဘူးထင်ပါတယ်ဗျ။
ဇွဲ၊လုံ့လ၊ဝီရိယရှိသူကို တားဆီးဖို့မလွယ်ပါဘူး။
ဟုတ်ကဲ့ပါဆရာ။မှတ်သားထားပါ့မယ်။
ကျေးဇူးတင်ပါတယ်။
အရမ်းကောင်းတဲ့Postပါ။သို့ပေမယ့်ယောက်ျားလေးတွေပဲဇွဲလုံ့လရှိတာမဟုတ်ပါဘူးမိန်းကလေးများမှာလည်းဇွဲလုံ့လအပြည့်ရှိကြပါတယ်ရှင်
ယောက်ျားဆိုတာ မဟာဇနက နှင့်တင်စားပြီးပြောခြင်းပါ။ တကယ်ကလူသားရဲ့ဇွဲလုံ့ကိုပြောချင်တာပါ။ယောက်ျားရယ်၊မိန်းမရယ်မဟုတ်ပါဘူး။
စိတ်အားတက်ကြွစရာပါ
ကျေးဇူးတင်ပါတယ်။
အားပေးနေပါတယ် ဆရာ
ကျေးဇူးတင်ပါတယ်။
post ကို bookmarkလိုက်ပီဆရာ စိတ်ဓာတ်ကျတိုင်း ဖတ်ရအောင် 😞
ခုလိုကြားရတော့ဝမ်းသာရပါတယ်။
အရေးအသာတွေမိုက်တယ်
ကျေးဇူးတင်ပါတယ်။
ဖတ်ခွင့်ရလို့ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်။
အရမ်းကောင်းပါတယ်
ကျေးဇူးတင်ပါတယ်။
ဇနက ထုံးနှလုံးမူ၍ ကျိုးစားပါမယ်ဗျာ
ကြိုးစားကြစေချင်ပါသည်။