ဗုဒ္ဓ တစ်ထောင် အကောက်တောင်steemCreated with Sketch.

in #myanmar7 years ago

ပူပြင်းလှသော ရာသီဥတုကို အံတုရင်း ကျမတို့ ဘုရားဖူးယာဉ်လေးသည် ရန်ကုန်-ပြည် လမ်းမကြီးပေါ်မှ ရန်ကုန်ဘက်သို့ ဖြည်းညင်းစွာ မောင်းနှင်လာပါသည်။နွေရာသီ ကျောင်းပိတ်ရက်ဖြစ်၍ ကျမတို့မိသားစုလေးအား ဘကြီးမှ အကောက်တောင် ဘုရားဆင်းတုတော်များအား ဖူးမြော်ရန် လိုက်လံပို့ဆောင်ပေးသဖြင့် ကျမတို့မောင်နှမများ ပျော်ရွှင်စွာ ဘုရားဖူးခွင့် ရခဲ့ပါသည်။မေမေ့၏ အစ်ကိုအကြီးဆုံးဖြစ်သည့် ဘကြီးမှာ အိမ်ထောင်မရှိသော လူပျိုကြီးလည်း ဖြစ်သည့်အလျောက် ကျမတို့ မောင်နှမများကို သိပ်ချစ်ရှာပါသည်။အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်သော ဘကြီးသည် ပင်စင်ယူပြီးကတည်းက ဘုရားသွား ကျောင်းတက် အလုပ်များဖြင့်သာ အချိန်ကုန်လေ့ရှိပြီး ရရှိသော ပင်စင်လစာများကို စုဆောင်းထားကာ နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်များ၌ ကျမတို့ မောင်နှမများ ဖူးမျော်ခြင်သည့် ဘုရားများကို လိုက်ပို့ပေးလေ့ရှိပါသည်။

ယခုနှစ်ခရီးစဉ်အဖြစ် ဘကြီးမှ ကျမတို့မိသားစုနှင့် ကျမတို့အိမ်ဘေးတွင် နေထိုင်သည့် ခင်မင်ရသောမိသားစုကိုပါ Light Truck ကားလေးတစ်စီးငှား၍ အကောက်တောင်ဘုရားသို့ လိုက်ပို့ကာ ဖူးမျှော်စေပါသည်။ သို့ဖြစ်၍ ကျမတို့အားလုံး တန်ခူးလဆန်း ၈ရက်နေ့တွင် အကောက်တောင်သို့ ဘုရားဖူးထွက်ရန် ပြင်ဆင်ခဲ့ကြပါသည်။ကျမတို့ မောင်နှမများကတော့ ဘုရားဖူးထွက်ရတော့မည်ဖြစ်၍ ပျော်ရွှင်ကာ ၇ရက်နေ့ကတည်းက ဘုရားဖူးရင်း ဝတ်ရမည့် အဝတ်အစားများပါရွေးချယ်ရင်း ပျော်ရွှင်နေကြပါသည်။လမ်းခရီးတွင် အကုန်အကျသက်သာစေရန် မေမေမှ ၇ရက်နေ့ မနက်တွင် စောစောထကာ ဈေးသွားရင်း ဟင်းချက်စရာများ ဝယ်ယူပြီး ငါးကြော်နှပ်;ကြက်သားကြော်;ငန်ပြာရည်ကြော်;မြေပဲဆန်ကြော် များကြော်လှော်ပြီး နေ့လည်နေ့ခင်း ကားပေါ်တွင် အပျင်းပြေလက်ဖက်သုတ်လေးပါ စားနိုင်ရန် လက်ဖက်အသားနုနုလေးအား ဆီစိမ်ပြီး လူ၁၀ယောက်ကျော် လုံလုံလောက်လောက် စားနိုင်ဖို့အတွက် ချိုင့်တစ်အံ အပြည့် နှပ်ထားလိုက်ပါသေးသည်။ကားမောင်းတတ်သည့် ကျမတို့ဖေဖေကတော့ ကျမတို့အား ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားနိုင်ရန်နှင့် စိတ်အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရန်အတွက် ငှါးထားသည့် light truck ကားလေးအား ချို့ယွင်းချက်မရှိစေရန် သေချာစွာ စစ်ဆေးနေပါတော့သည်။
image

နံနက်စောစော စိတ်ကြည်လင်စွာ ဘုရားဖူးမြော်နိုင်ရန် ဘကြီးမှ ခရီးစဉ်ကို ၇ရက်နေ့ ညပိုင်း အိမ်မှစတင်ထွက်ခွါရန် ပြင်ဆင်ခဲ့ပါသည်။ရန်ကုန်မှ အကောက်တောင်ဘုရားဆင်းတုတော်များ တည်ထားရာ ပြည်မြို့တစ်ဖက်ကမ်း ထုံးဖိုမြို့သို့ ခန့်မှန်းခြေ ၆နာရီကျော်လောက် မောင်းနှင်ရပါသည်။ည၁၀နာရီကျော်တွင် ကျမတို့ဘုရားဖူးယာဉ်လေး ရန်ကုန်မှစတင်ထွက်ခွါလာခဲ့ပါသည်။ခရီးမထွက်မီ ဘကြီးမှ ကျမတို့အားဘုရား ဝတ်ပြုရင်း မိဘ အစ်ကို အစ်မ များအား အသက်အရွယ်အလိုက် အဆင့်ဆင့် ကန်တော့စေပါသည်။လမ်းခရီးတွင်လည်း ကျမတို့ ဖြတ်သန်းလာသည့် မြို့အမည်များအား ဗဟုသုတအဖြစ် သိရှိစေရန် ပြောပြပါသည်။ရန်ကုန်မြို့မှ အထွက်တွင် ကျမတို့ အစ်ကိုအကြီးဆုံး တက်ရောက်နေသော နည်းပညာတက္ကသိုလ် ရှိသည့် မှော်ဘီမြို့သို့ ဦးစွာရောက်ရှိပါသည်။ထိုမှတစ်ဆင့် တိုက်ကြီး;ဥက္ကံ;သုံးဆယ်;သာယာဝတီ;လက်ပံတန်း စသည့်မြို့များကိုလည်းဖြတ်သန်းလာခဲ့ရပါသည်။
image

နွေလယ်ကာလ လည်းဖြစ်ပြီး ညချမ်းချိန်ခါတွင် ခရီးသွားရန် ရွေးချယ်ခဲ့ခြင်းတို့ကြောင့် မြို့တစ်မြို့စီ ဖြတ်သန်းတိုင်း ထိုမြို့အစွန်နေရာများတွင် စိုက်ပျိုးထားသော စပါးခင်းများဆီမှ ဖြတ်သန်းတိုက်ခတ်လာသည့် လေပြေလေညှင်းလေးများကြောင့် ကားပေါ်တွင် ကျမတို့ အိပ်မငိုက်နိုင်ဘဲ ပေါ့ပါးလန်းဆန်းစွာပင် လိုက်ပါလာနိုင်ခဲ့ပါသည်။နံနက်၎နာရီခွဲတွင် ကျမတို့ ပြည်မြို့သို့ ရောက်ခဲ့ပါသည်။ ပြည်မြို့၏ နာမည်ကြီးအစားအစာဖြစ်သော ပြည်ထမင်းသုတ်နှင့်လက်ဖက်ရည်တို့ကို အဆာပြေ စားသောက်ရင်း ခရီးတစ်ထောက်နားခဲ့ကြပါသည်။ထိုမှတစ်ဆင့် ခရီးဆက်ရင်း ထုံးဖိုမြို့သို့၆နာရီထိုးတွင်ရောက်ခဲ့ပါသည်။ထုံးဖိုမြို့သည် အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး သခင်မြ၏မွေးရပ်ဇာတိမြို့လေးလည်းဖြစ်ပါသည်။ထုံးဖိုမြို့မှ စက်လှေစီးကာ မြစ်ကမ်းပါးယံတွင် တည်ထားကိုးကွယ်ထားသည့် အကောင်တောင်ဘုရားဆင်းတုတော်များအား ဖူးမြော်ရမည်ဖြစ်ပါသည်။၆နာရီခွဲမှ စက်လှေများ စတင်ထွက်ခွါမည် ဖြစ်၍ လှေဆိပ်တွင်ခေတ္တနားကာ ပါလာသော ထမင်းချိုင့်များဖွင့်ပြီးဝိုင်းဖွဲ့စားသောက်ခဲ့ကြပါသည်။ထမင်းစားပြီးချိန်တွင် ထုံးဖိုမြို့လေး၏ နံနက်ခင်းဈေးတန်းလေးအား လည်ပတ်ကြည့်ရှုရင်း ဒေသခံအစားအစာများဖြစ်သည့် ကောက်ညှင်းထုတ်နှင့်မုန့်ဆီကြော်တို့ကိုလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူခဲ့ကြပါသည်။
image

မိသားစုနှစ်စုဖြစ်၍ ဘကြီးမှ ဘုရားဖူးစက်လှေကို စင်းလုံးငှါးပြီး ကျမတို့အား လွတ်လပ်စွာ ဘုရားဖူးမြော်စေခဲ့ပါသည်။မြောက်များစွာသော ဘုရားဆင်းတုတော်များအား မြစ်ကမ်းပါးနံရံတွင်တည်ထားသည်ကို နံနက်ခင်းတွင် စိတ်ကြည်လင်အေးချမ်းစွာ ဖူမြော်ခွင့်ရသည့်အတွက်လည်း ကျမတို့အားလုံး အလွန်ပင်ဝမ်းမြောက် ပျော်ရွှင်ခဲ့ကြရပါသည်။ဘုရားဖူးပြီးချိန်တွင် အကောက်တောင်ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်ကြီးအား ဖူးမြော်ရန် ကျမတို့တောင်ပေါ်သို့ တက်ခဲ့ကြပါသည်။အကောက်တောင်ဒေသ၏ ထူးခြားလှသောဓလေ့တစ်ခုမှာ တောင်ပေါ်တက်ရာ လမ်းတစ်လျှောက်တွင် ဘုရားဖူးခရီးသည်များ ဝါးတံလေးများဖြင့် ညောင်ထောက်ရင်း တက်ကြသည့် ဓလေ့တစ်ခုပင်ဖြစ်ပါသည်။ကျမတို့ တောင်ပေါ်ရောက်သည့်အခါ ဘုန်းဘုန်းမှ ခရီးသည်များအား စုစည်းစေပြီး ငါးပါးသီလပေးကာ သတ်သတ်လွတ် ထမင်းဟင်းများဖြင့် ဒါနပြုကျွေးမွေးပါသည်။နေ့လည်ထမင်းစားချိန်ဖြစ်ပြီး ခရီးပန်းနေကြသော ကျမတို့အားလုံးသည်လည်း ဘုန်းဘုန်းကျွေးမွေးသော အရသာရှိလှသည့် သတ်သတ်လွတ် ထမင်းဟင်းများကို ခေါင်းမဖော်တမ်း စားသောက်ခဲ့ကြပါသည်။အပြန်ခရီးတွင် ပြည်မြို့ရှိ ရွှေဆံတော်ဘုရား နှင့် ရွှေမျက်မှန်ဘုရားတို့ကိုလည်း ဘကြီးမှ ကျမတို့အားလိုက်ပို့ ဖူးမြော်စေပြီးမှ ရန်ကုန်သို့ ပြန်လာခဲ့ကြပါသည်။ယခုနှစ် ခရီးစဉ်အဖြစ် အကောက်တောင် ဆင်းတုတော်များနှင့် ပြည်မြို့တွင်းရှိ တန်ခိုးကြီးစေတီတော်များအား ဖူးမြော်ခွင့်ရရန် လိုက်ပို့ပေးသည့် ဘကြီးကိုလည်း ကျမတို့အားလုံး အလွန်ပင်ကျေးဇူးတင်မိကြပါသည်။လာမည့်နှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အတန်းထဲရှိသူငယ်ချင်းများအား ကျမတို့သွားခဲ့ကြသည့် ဘုရားဖူးခရီးစဉ်လေးအကြောင်း ပြန်ကြွားရမည်ဟုတွေးရင်း ပျော်ရွှင်စွာဖြင့် အိမ်ပြန်ခရီးကို လိုက်ပါလာခဲ့ပါသည်။
photo - facebook
Author: @jesminpoe

Sort:  

thanks for sharing,bro!

ခရီးသွားရတာဝါသနာပါသော်လည်း ဘယ်မှမရောက်ဖြစ်ပါ အခုလိုသွားလာနေတဲ့သူတွေကို အားကျတယ်