ပုရွက်ဆိတ် (the ant)

in #myanmar7 years ago

image
ပုရွက်ဆိတ်

မင်္ဂလာပါ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်ကတော့ ပုရွက်ဆိတ်တစ်ကောင်ပါ Eng လို The Ant ပေါ့ဗျာ။ ကျွန်တော်တို့က အကောင်သေးတယ် ဒါပေမယ့် ခင်ဗျားတို့လူသားတွေထက် သန်မာတယ်ဆိုတာ ငြင်းလို့မရဘူးနော်။ ကျွန်တော်တို့ ကိုယ်အလေးချိန်ထက် သုံးဆလေးတဲ့အရာတစ်ခုကို ၂မိုင်ကျော်ကျော် မချတမ်းချီပြီးသွားနိုင်တယ်၊ ဒါတောင်အသိုက်ထဲရောက်သွားလို့နော်။ ခင်ဗျားတို့လူသားတွေမှာ အချစ်ရှိတယ်လို့ပြောကြတယ် ကျွန်တော်တို့အတွက် အချစ်ဆိုတာ အချို ပါပဲ ဘာကွာလဲဆိုတော့ ခင်ဗျားတို့အချစ်ဆိုတာ မြင်လဲမမြင်ရဘူး ဒါပေမယ့် ဇွတ်ငြင်းနေကြတယ် ကျွန်တော်တို့ရဲ့ အချိုဆိုတာကတော့ စားသုံးလို့ရတယ်ဗျ။ ခင်ဗျားတို့က အချစ်နဲ့မျှားတယ် ကျွန်တော်တို့က အချိုနဲ့မျှားတယ် ဒီလိုလေးတွေတော့ရှိတာပေါ့။တစ်ချို့အချစ်ရေးကံမကောင်းတဲ့သူတွေဆို ကျွန်တော်တို့ကို သကြားခဲတွေကြွေး လို့ ယတြာချေတယ်ဆိုလား ဘာဆိုလားပဲ။
image
ကျွန်တော်တို့ဖြစ်ပေါ်လာပုံကလဲ စိတ်ဝင်စားစရာဗျ တစ်ချိန်တုန်းက ကျွန်တော်တို့ဟာ ခင်ဗျားတို့လို လူသားတွေပါပဲ။ လူ့ဘ၀တုန်းက ကျွန်တော့်နာမည်က မောင်နီတဲ့ဗျ ။ ကျွန်တော်တို့ရွာက စိုက်ပျိုးရေးကိုအဓိက ထားပြီးလုပ်ကိုင်ကြတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ ကိုယ်ပိုင် ယာကွက်တွေရှိကြတယ်၊ အဲဒီမှာထွန်ယက်စိုက်ပျိုးကြတယ်ပေါ့ဗျာ။ ကျွန်တော့်မှာတော့ စိုက်စရာ ယာကွက်မရှိဘူးဗျ ဒါပေမယ့် တစ်ရွာလုံးက ကျွန်တော့်ကို အလုပ်ကြိုးစားဆုံး လူငယ်လေးလို့ သတ်မှတ်ထားကြတယ်။ မနက်ဆို ထမင်းထုပ်လေးဆွဲလို့ ရွာကထွက်သွားတယ် ည သန်းခေါင်သန်းနွဲမှ ပြန်လာတယ် အိတ်ထဲမှာ အသီးနှံအစုံပါလာတယ်။ ရွာကလူတွေက မေးကြတယ် ‘’ မင်းမနက်အစောကြီးထွက်သွားတယ် ညမှပြန်လာတယ် အသီးနှံတွေပါလာတယ် မင်းယာကွက်ကဘယ်နားမှာလဲ’’ ဆို ကျွန်တော်ကဖြေတယ် ‘’ရွာနဲ့တော်တော်လှမ်းလှမ်းမှာ ပါ သူငယ်ချင်းတို့ရာ’’ လို့ပဲဖြေတယ် အဲလိုနဲ့ နေလာတာ ကာလတစ်ခုကြာတော့ သီးနှံစုံထွက်နေတဲ့ ကျွန်တော့်အခင်းလေးကို စိတ်ဝင်စားလာကြတယ်။ အဲဒီနောက်သူတို့စုံစမ်းရင်းနဲ့ ကျွန်တော့်အကြောင်းတွေ ပေါ်ပါလေရော ဆိုပါတော့ ဗျာ။ ကျွန်တော်ကလည်းကျွန်တော်လေ မနက်ဆို ရွာနဲ့ ခပ်လှမ်းလှမ်းက အရိပ်ရတဲ့ သစ်ပင်ကြီးပေါ် တစ်နေကုန်တက်အိပ်နေတာ ညမိုးချုပ်ပြီဆိုမှ သူများ အကွက်ထဲက သီးနှံတွေခူးပြန်တာလေ။ အဲဒီလိုနဲ့ ကျွန်တော့်ကို ဆုံးမဖို့ ရွာထိပ်က တန်ခိုးရှိတဲ့ ရုက္ခစိုးကြီးကို အကူအညီတောင်းကြတယ်။ ရုက္ခစိုးကြီးက ကျွန်တော့် ကိုသနားလို့နဲ့တူပါတယ် သူ့ရဲ့တောင်ဝှေးနဲ့တို့လိုက်တဲ့အချိန် ကျွန်တော်အဆမတန်သေးသွားတယ် ခင်ဗျားတို့ခေါ်တဲ့ ပုရွက်ဆိတ်ဖြစ်သွားတယ်ပေါ့ဗျာ။ ရွာကလူတွေကတော့ ကျွန်တော်ပျောက်ဆုံးသွားတဲ့အတွက် သေပြီလို့ယူဆကာ ကျေနပ်ပြီး ပြန်သွားကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အကျင့်အတိုင်း စားစရာတွေခိုးယူ စုဆောင်းနေဆဲပါပဲ အကောင်သေးသွားတော့ ကျွန်တော့်ခိုးယူတဲ့ ပမာဏလေးက မပြောပလောက်တော့ ရုက္ခစိုးကြီးကလည်း လွှတ်ပေးထားတယ်နဲ့ တူပါတယ်။
ကျွန်တော့်ရဲ့စုဆောင်းတတ်တဲ့အကျင့်လေးကို ကိုနှံကောင်နဲ့တွေ့တော့ ကျွန်တော်ပြောပြတယ် အစာတွေစုဖို့ပေါ့ ဒါပေမယ့်သူကနားမထောင်ခဲ့ပါဘူး ပေတေလေလွင့်နေရတာကိုသဘောကျတယ်ဆိုပဲ အဲဒီအကြောင်းလဲ စာဖတ်သူတို့ငယ်စဉ်က ကြားဖူးခဲ့မယ်လို့ ထင်ပါတယ်။
image
အချိန်ကြာလာတဲ့အမျှ ကျွန်တော့်မှာ အဖော်အပေါင်းတွေရလာခဲ့တယ်။ ကျွန်တော်တို့တတွေဟာ စစ်တပ်တစ်ခုလို့ ညီညီညာညာ စည်းကမ်းရှိစွာ ပြုမူနေထိုင်ကြတယ် တာဝန်ကို ၂၄ နာရီထမ်းရွက်တယ် ဘယ်နေရာပဲရောက်ရောက် မမေ့ဘူး။ ဘယ်လောက်ဝေးတဲ့နေရာရောက်နေပါစေ GPS မလိုပဲ ကျွန်တော်တို့အိမ်ပြန်တတ်တယ်။ လူသားတွေက စကားပြောတယ် ဖုန်းတွေသုံးကြတယ်။ ကျွန်တော်တို့ကတော့ကိုယ်ပိုင် antenna နဲ့ ဆက်သွယ်ကြတယ် နည်းပညာမှာလူသားတွေကျွန်တော်တို့ကို မမှီသေးပါဘူး။ လျှပ်စစ်မီးမလိုပဲ အရာရာကို မြင်နိုင်ကြတဲ့အတွက် စနေ၊တနင်္ဂနွေ မီးမပျက်ပါစေနဲ့လို့ ဆုတောင်းစရာမလိုပါဘူး။ မိုးရာသီဆို ကျွန်တော်တို့ စုပေါင်းပြီးချောင်းကိုဖြတ်ကြတယ် သာတူညီမျှစိတ်ဓါတ်နဲ့။ စာဖတ်သူတို့ တစ်ခါတစ်လေ ရေထဲမှာကူးနေတဲ့ ပုရွက်ဆိတ်လုံးကြီးမြင်ဖူးမှာပေါ့ အဲဒါကျွန်တော်တို့ ရဲ့ ပုရွက်ဆိတ်ဘောလုံးကြီးပေါ့ဗျာ။ ကျွန်တော်တို့ရေမကူးတတ်ဘူး ဒါပေမယ့် စုပေါင်းအင်အားနဲ့ဆိုရင် ပင်လယ်တောင်ဖြတ်ကူးရဲပါတယ်ဗျာ။
image
အတုယူတတ်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ကောင်းတဲ့အချက်တွေ အများကြီးသင်ယူသင့်ပါတယ်။ ကျွန်တော်တို့တစ်ဘ၀လုံး သေသည်အထိ မပျင်းမရိ ညည်းတွားမနေပဲ အလုပ်လုပ်ကြတယ်၊ ဘယ်နေရာရောက်ရောက် အစာစုကြတယ် အစာကိုအကျိုးမဲ့ လုံးဝ မဖြုန်းတီးကြဘူး၊ ကျွန်တော်တို့အတွက် အကျိုးမရှိတဲ့နေရာမှာ တစ်စက္ကန့်လေးမှနေဖို့မစဉ်းစားဘူး။ အချစ်(အချို)နဲ့ပတ်သတ်ရင်တော့ ဘယ်လောက်ပဲခက်ခဲနေပါစေ မလျှော့သောဇွဲနဲ့ တက်ရောက်ချီဆောင် တတ်တယ်။ ကျွန်တော်တို့စားဖို့အတွက် စုဆောင်းထားတဲ့အစာတွေဟာ ပိုလျှံလွန်းတဲ့အပြင် ခလေးငယ်တွေအတွက် ကျွေးမွေးဖို့ကောင်းကောင်းကြီးလုံ လောက်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှမရပ်ဘူး အမြဲတမ်းစုဆောင်းနေမှာအသေအချာပါပဲ။ ကိုယ့်ကိုရန်မူလာတယ်လို့ထင်ရင်လည်း အသက်အဆုံးခံပြီးတော့ကို ကိုက်တတ်တာတွေ့ရမယ် ခေါင်းသာပြုတ်သွားမယ် ကိုက်ထားတာတော့မလွှတ်ဘူးဗျ။ကျွန်တော်ကြားဖူးတယ် " "လူဆိုတာ အမြဲ ... ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင်စတေးကြတာပဲ " " အဲဒါ ခင်ဗျားတို့ လူသားတွေမှရှိတာ မဟုတ်ပါဘူး ကျွန်တော်တို့ပုရွက်ဆိတ်လေးတွေမှာလည်းရှိပါတယ်။ အချုပ်အားဖြင့် သေးငယ်သောဘဝတွင်နေရသော်လည်း စည်းစနစ်ကျသောဘဝ၊ သန်မာသောဘဝ၊ ချုပ်နှောင်ခြင်းကင်းမဲ့သော ဘဝမှာ ပုရွက်ဆိတ်ရယ်လို့ ဖြစ်လာခဲ့တာ ဂုဏ်ယူမဆုံးပါဘူးဗျာ။
image
Photo credits ; google
Autohr by
Htin Yar Sai (12:23pm)
MSC_203

Sort:  

ဗလတောင့်တောင့် ပုရွက်ဆိတ်လေးတွေ
အတုယူတက်ရင် ရနိုင်တာပေါ့ဗျာ
လေးဖြူသီချင်းလေးတောင် ပါသေးတယ်😁😁

ပုရွက်ဆိတ်နှင့်လေးဖြူပေါင်းစပ် လိုက်သောအခါ

ငယ်ငယ်တုန်းက ပုရွက်ဆိတ် ဇာတ်ကားတောင်ပြန်သတိရတယ်

ဟုတ်ပဗျာ ခုချိန်စာတန်းထိုးလေး ရရင်ပြန်ကြည့်ချင်သေးတာ

အတွေးအခေါ်ကောင်းပါ့ဗျာ

ဟီး မနက်က အကိုက်ခံရတာနဲ့ သူ့ နေရာလေးဝင်တွေးကြည့်လိုက်တာ

ဟဲ့ကမရဲ့ နီက ပုရွတ်ဆီလား ( ခိုင်သင်းကြည်အသံဖြင့်ဖတ်ပေးပါ)

အတုယူစရာလေးတွေပါဗျာ

သူ့ဟာနဲ့သူကောင်းတာလေးတွေလဲရှိသားဗျ

ခုမှဘဲပုဆိတ်အကြောင်းရာလေးတွေသိရတယ်

တွေးမိတွေးရာလေးတွေပါ Bro ရယ်

ဒီအတိုင်းသာဆိုရင် နောင်ဘဝလူပြန်မဖြစ်ခဲ့ရင်တောင် ပုရွက်ဆိတ်ဖြစ်ချင်သားဗျ ဆက်သွယ်မှုတကယ်ကောင်းလို့😀

Connection မကျဘူး bill မဖြည့်ရဘူး လိုင်းဆွဲအားကောင်းတယ်

ပုရွတ်ဆိပ် လို့အတုယူရမယ်အားပေးနေတယ်broရေ

ကျေးဇူးပါBro ရေ

ပွက်ဆိတ်ကို အတုယူရမယ်

တွေးမိတွေးရာလေးပါ

ပုရွက်ဆိတ်ကလေးမောင်နီ အလုပ်ကြိုးစားလို့ နေပါပြီ

ဟီး ကျေးဇူးပါဗျာ