သဘာဝ ဘေးအန္တရာယ်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရေး

in #myanmar7 years ago

သဘာဝ ဘေးအန္တရာယ်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရေး
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

မြန်မာနိုင်ငံတွင် ငလျင်ဒဏ် အပါအဝင် သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်နှင့် တွေ့ကြုံ ရသည့်အခါ အဆောက် အအုံများ ပျက်စီးဆုံးရှုံးမှုများ ထဲတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များလည်း ပါဝင်လျက် ရှိသည်။ ၂ဝ၁၆ ခုနှစ် အတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးပေါင်း များစွာ ပျက်စီးခဲ့ရသည်။ ယင်းတို့ထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရှေးခေတ်သမိုင်း အထောက်အထား များစွာလည်း ပါဝင်ခဲ့သည်။
image
သဘာဝ ဘေးအန္တရာယ်များ အနက် အရှေ့တောင် အာရှအတွင်း လေမုန်တိုင်း အန္တရာယ်နှင့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာသော အခါ မြန်မာနိုင်ငံဘက် ဦးတည်နေသည်နှင့် အမျှ မြန်မာနိုင်ငံ သားများနှင့် မြန်မာ့ယဉ်ကျေးမှုများ အတွက် ကာကွယ်မှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု များကို လုပ်ဆောင်ကြရန် သတိပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၌ တန်ဖိုးမဖြတ်နိုင်သော တစ်နည်းအားဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေသည့် သမိုင်း အမွေအနှစ် ပြယုဂ်များစွာ ရှိနေသည်။ ယင်းတို့သည် နှစ်ပေါင်းရာထောင်ချီ၍ သက်တမ်းရှိနေသည့် အတွက် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ထိခိုက် ပျက်စီးလွယ်သော အခြေအနေများတွင် ရှိနေကာ နိုင်ငံတော် အစိုးရ အနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည် ဆိုသည့် စီမံချက်များအပေါ် မူတည်နေသည်။ ထိန်းသိမ်း ကာကွယ်သင့်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် စနစ်တကျ လုပ်ဆောင်သင့်ပေသည်။ စလေမြို့၌ရှိသော ရှေးဟောင်း ယဉ်ကျေးမှု စေတီ၊ ပုထိုးများမှာ ထိန်းသိမ်းကာကွယ်မှု အားနည်းခြင်းကြောင့် ပျက်စီး ဆုံးရှုံးလျက်ရှိသည်။ ယဉ်ကျေးမှု တန်ဖိုးကို မသိသော လူတချို့၏ မြေယာပိုင်ဆိုင်လိုစိတ် များကြောင့် သမိုင်းဝင် အဆောက်အအုံ တို့မှာ မတရား ဖြိုချ ဖျက်ဆီးခြင်း ခံနေရသည်။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် များသာမက လူတို့၏ ပယောဂကြောင့် ပျက်စီးမှုများ ကိုလည်း ကာကွယ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ ရှေးဟောင်း အမွေအနှစ် များကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှု မြင့်တက်နေသည့် အတွက် နှစ်စဉ်ခရီးသွားများ လာရောက်လည်ပတ်မှု များပြားနေပေသည်။ ယင်းတို့ကို ထိန်းသိမ်းကာကွယ်ရန် ယခင်ကထက် ပိုမို လုပ်ဆောင်သင့်ပေသည်။ လူဦးရေ တိုးတက်လာသဖြင့် မြို့ပြချဲ့ထွင်ရာမှ သမိုင်းအမွေ အနှစ်ရှိရာ ဒေသများတွင် လူနေအိမ်များ နီးကပ်စွာ ဆောက်လုပ်နေခြင်းကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးပျောက်ကွယ်သွား နိုင်ပေသည်။

လက်ရှိ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတကာမှ ပူးပေါင်းပါဝင် ကူညီ လုပ်ဆောင်နေခြင်းများ ရှိသဖြင့် ၎င်းတို့ထံမှ နည်းပညာများ ရရှိလာသည့် အတွက်လည်း မြန်မာနိုင်ငံအတွက် အကျိုးရှိသည်။ သဘာဝ ဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းဒဏ်ထက် ငလျင်ဒဏ်သည် ရှေးဟောင်း အမွေအနှစ်များကို ပိုမိုပျက်စီးစေသည်။ နိုင်ငံတကာ အထောက်အပံ့ များစွာ ဝင်ရောက်နေချိန်တွင် အဓိကအားဖြင့် ယဉ်ကျေးမှု ထိန်းသိမ်း ကာကွယ်နိုင်မည့် ခေတ်နှင့်လျော်ညီသော နည်းပညာများစွာ ပါဝင်လာသည်။ ယင်းနည်းပညာ များကို မြန်မာနိုင်ငံမှ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်နေသည့် အဖွဲ့အစည်း များအတွင်းမှ ပညာရှင်များက အတုယူထားသင့်သည်။

မြန်မာနိုင်ငံ၌ သစ်တောများ ပြုန်းတီးမှုနှင့်အတူ သဘာဝ ဂေဟစနစ်များ ပြောင်းလဲ လာခြင်းကြောင့် နှစ်စဉ် သဘာဝ ဘေးအန္တရာယ် များမှာ အနည်းနှင့်အများ ဝင်ရောက်လျက် ရှိပေသည်။ မုန်တိုင်းသည် နှစ်စဉ် ဧပြီလကုန်ပိုင်းနှင့် မေလအတွင်း ပုံမှန်ဝင်ရောက်လေ့ ရှိပြီး ယင်းနောက် ဘေးအန္တရာယ် အနေဖြင့် ငလျင်လှုပ်ခတ်မှုသည် ပွင့်လင်းရာသီ မရောက်မီ ရာသီကူး အချိန်များတွင် ပိုမိုဖြစ်ပွား လာတတ်ကြောင်း သတိပြုရပေမည်။ ရှေးဟောင်း အမွေအနှစ်များသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ သာမက မြန်မာနိုင်ငံ တစ်ဝန်း လုံး၌ တည်ရှိနေသည်။ ထို့အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် နိုင်ငံတော် ဘတ်ဂျက်ငွေ သီးသန့် ထားရှိကာ ထိန်းသိမ်းကာကွယ်မှုများကို နှစ်စဉ် လုပ်ဆောင်သင့်သည်။ နောင်မျိုးဆက်သစ် အနာဂတ် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ နိုင်ငံသားတိုင်း တာဝန်ဖြစ်သည့် နည်းတူ အဓိက တာဝန်ရှိ သူ၊ သက်ဆိုင်ရာမှ စီမံခန့်ခွဲသူ၊ ပညာရှင်များ၊ ကာယလုပ်သား များက တာဝန်ထက် အမျိုးသား အမွေအနှစ်ဟူသော အသိဖြင့် ထိထိရောက်ရောက် လုပ်ဆောင် သင့်သည်။ ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်တွင် မန္တလေး ငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသော ချောက်မြို့၏ အနောက် ဘက် ၁၂ မိုင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုမှာ နောက်ဆုံးအကြိမ် လှုပ်ခတ်ခဲ့ပြီး ယခုနှစ်များအတွင်း လှုပ်ခတ်သော ငလျင်များ အနက် အပြင်းထန်ဆုံး ငလျင်တစ်ခု ဖြစ်ခဲ့သည်။

ထို့ကြောင့် သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ယူနက်စကိုသို့ တင်သွင်းရန် ပြင်ဆင်နေသော ပုဂံရှိစေတီ၊ ပုထိုးပေါင်း ၄ဝဝ ကျော် ပျက်စီးခဲ့သဖြင့် မြန်မာ နိုင်ငံသားများ အတွက် များစွာ နစ်နာခဲ့ရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ငလျင်လှုပ်ခတ် မှုသည် ယခုတစ်ကြိမ်သာ မကဘဲ ၁၉၇၅ ခုနှစ်ကလည်း ပုဂံနှင့် အနောက်တောင်ယွန်းယွန်း ၁၄ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သေးပေသည်။ ယင်းငလျင်ဒဏ်ကြောင့် စတုရန်းမိုင် ၂ဝဝဝဝ ကျော်အတွင်း ပုဂံဘုရားပေါင်း များစွာ အပျက်အစီးများ ဖြစ်ပေါ်ခဲ့သေးသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံသည် ငလျင်အန္တရာယ် အများဆုံး ဖြစ်ပွားနိုင်သည့် စာရင်းတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံအတွင်း အကြီးဆုံး မြေငလျင်ကြော ငါးခုရှိ နေသည်။ ၂ဝ၁၁ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းပြတ်ရွေ့ကြော၊ မြန်မာ နိုင်ငံ၏ အနောက်ပိုင်းရှိ ကဘော်မြေ ငလျင်ကြော၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုနှင့် ပြင်ဦးလွင် မြို့အနီးမှ ဖြတ်သွားသော ကျောက်ကြမ်းမြေ ငလျင်ကြော၊ သံလွင်မြစ် တစ်လျှောက် ဖြတ်သွားသည့် သံလွင်မြေ ငလျင်ကြောနှင့် ရခိုင်ပြည်နယ်ရှိ ရခိုင်မြေ ငလျင်ကြောတို့ ဖြစ်သည်။ ယင်းအတွက် မြေငလျင် ပညာရှင်များက မြေပုံရေးဆွဲခြင်းနှင့် မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာခြင်းများ ပြုလုပ်လျက်ရှိသည်။

၁၉၁၂ ခုနှစ်က အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ရာ ပဲခူးရွှေမော်ဓော ဘုရားကြီး ထီးတော် မြေခခဲ့ရသည်။ ထို့နောက် ငြိမ်သက်နေရာမှ ယခုအခါ ပြန်လည် သက်ဝင်လှုပ်ရှား လာသည့်အတွက် ပညာရှင်များက ရှေးဟောင်း အမွေအနှစ်များနှင့် အထပ်မြင့် အဆောက်အအုံနေ ပြည်သူများအတွက် စိုးရိမ်မကင်းဖြစ်နေသည်။ ယခုနောက်ပိုင်း ခန့်မှန်း ထားချက်များတွင် ငလျင်လှုပ်ခတ်ပါက စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့လည်း ပါဝင်လာနိုင်သည်။ မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ်များ ဝင်ရောက် နေမှုနှင့်အတူ တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးမည့် အရေးများ ရှိနေသည့် အတွက် နိုင်ငံသူ၊ နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ကာ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ မပျက်စီး မပျောက်ကွယ်စေရေး အတွက် ဝိုင်းဝန်း လုပ်ဆောင်ကြရန် တိုက်တွန်း လိုက်ရပါသည်။
@ayeaye