ရိုးရာသင်္ကြန်
ရိုးရာသင်္ကြန်
တစ်သက်နဲ့တစ်ကိုယ် သင်္ကြန်တစ်ခါမှ မလည်ခဲ့။ သင်္ကြန်ရောက်လျှင် အိမ်မှာပဲနေကာ စာဖတ်နေခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ၅၀ လောက်ရှိတော့မည်ထင်သည်။
မှတ်မှတ်ရရ ၈ တန်းဖြေပြီးနှစ်လောက်ကဖြစ်သည်။ ကျွန်တော်က သူငယ်ချင်းဖြစ်သူ မဇင်းရပ်ကွက်ရှိ အိမ်ကို သွားသည်။ ထိုနေ့က သင်္ကြန်အကျနေ့ဖြစ်သည်။ နေ့ခင်း လူရှင်းချိန်လောက်မှ ရွေးပြီးထွက်ခဲ့ခြင်းဖြစ်သည်။ လက်ထဲတွင် ကြက်ဆင်ထီးကောက်တစ်လက်ပါသည်။ နေပူလွန်းသောကြောင့် ထီးဆောင်းကာ ထွက်ခဲ့ခြင်း ဖြစ်သည်။
ကျွန်တော် မီးရထား ကုန်းတံတားထိပ်အရောက်တွင် ကျွန်တော်နှင့် သက်တူအရွယ်ကောင်မလေးတစ်ယောက် ကို ကောင်လေး ငါးယောက်ခန့်က ဝိုင်းဆွဲနေကြသည်။ ရိုးရိုးဆွဲခြင်းမဟုတ်။ ကောင်မလေး၏ မတော်ရာ မသင့်ရာနေရာများကို ဝိုင်းဆွဲကာ နောက်ပြောင်နေခြင်းဖြစ်သည်။ ကောင်မလေးကို ထဘီဆွဲနေသူတွေ လည်းပါသည်။ ကောင်မလေးက ထွက်ပြေး၍လည်းမရ။ လက်ဖြင့် ပိတ်ဆီးပြီး တားကာ ရိုင်းပြစွာ လုပ်နေခြင်း ဖြစ်သည်။
ကျွန်တော်က မျက်စိအောက်တွင် အမြင်မတော်သဖြင့် ဝင်ပြောသည်။
“မင်းတို့ကွာ … ရေကောင်းကောင်းပက်ပါ။ နှမချင်းစာနာပါ”
ကောင်လေးတွေက ကျွန်တော်နှင့်လည်း မတိမ်းမယိမ်းတွေဖြစ်သည်။ ဘူတာခေါက်ဆွဲဆိုင်က ကောင်လေး တွေမှန်း ကျွန်တော်ကောင်းကောင်းသိသည်။ သူတို့က ကျွန်တော့်ကို ဝိုင်းပြီး ရန်ပြုသည်။
ကျွန်တော် တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်မှ ရန်မဖြစ်ဘူးပါ။ သို့သော် ကျွန်တော့်ကို ကိုယ်ထိလက်ရောက် တွန်းထိုးခြင်း ခံရသည့်အခါတွင် ဒေါသထွက်မိသည်။ လူငယ်လည်းဖြစ်နေသဖြင့် ကိုင်လာသောထီးကို ပိတ်ပြီး ထီးနှင့်ရိုက်သည်။ သူတို့ကလည်း ဝိုင်းထိုးသည်။ ထီးလည်း ကျိုးသည်။ သူတို့က ငါးယောက် ကိုယ်က တစ်ယောက် ဖြစ်သောကြောင့် ကျွန်တော်အတော်လေး ခံလိုက်ရသည်။ လူတွေဝိုင်းပြီး ဆွဲသောကြောင့် ရန်ပွဲကတော့ပြီးသွားသည်။
ကောင်မလေးက ဘယ်ရောက်သွားမှန်းမသိ။ ကျွန်တော် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်မိသည်။ အမှန်တော့ ဒီလိုနေ့မျိုးတွေကို ကျွန်တော် အပြင်ထွက်တာကိုက ကျွန်တော့်အမှားဖြစ်သည်။ အိမ်မှာ အေးအေး ဆေးဆေးနေပြီး စာရေးစာဖတ်လုပ်နေလျှင် ဤသို့သော အဖြစ်အပျက်များကို မြင်စရာ၊ ရှင်းစရာ၊ တွေ့စရာ၊ ကြုံစရာမရှိ။
ထိုအသိက ကျွန်တော့်ကို နှစ်ပေါင်း ၅၀ လောက် စိုးမိုးထားသည်။ ထို့ကြောင့် ကျွန်တော် သင်္ကြန်ရောက်တိုင်း အပြင်မထွက်။ ဘာကိစ္စနှင့်မှ မသွား။ အိမ်ထဲတွင်သာ ငြိမ်းချမ်းအောင် နေလာခဲ့သည်။
အမှန်အတိုင်း ရိုးသားစွာ ပြောပါမည်
မြန်မာတစ်ယောက်ဖြစ်သော်လည်း
မြန်မာ့သင်္ကြန်ကို မည်သို့မျှ ခံစားမရခဲ့သည်ကတော့ အမှန်ဖြစ်သည်။
အပြင်လောကကို ထွက်ပြီး ဘာမှကြည့်ရှုခံစားခြင်းမရှိသည့် ကျွန်တော် အတိတ်ကိုပြန်ကြည့်ပြီး ပြောခြင်း ဖြစ်ပါသည်။ ယခုခေတ် ဘာတွေ ဘယ်လိုတွေ ဖြစ်နေသည်ကို လုံးဝမသိတော့ပါ။ တီဗီဖွင့်လျှင်လည်း သင်္ကြန် မြင်ကွင်း၊ သင်္ကြန်အက ကျွန်တော်လုံးဝမကြည့်ပါ။
မြန်မာ့သင်္ကြန်အကြောင်းပြောလျှင် “ယဉ်ကျေးမှု” ဆိုသည့်စကား တွဲပါလာတတ်ပါသည်။
ယခုခေတ်တွင် မည်မျှ ယဉ်ကျေးနေကြသည်ကို ကျွန်တော်မသိပါ။
သို့သော် လမ်းထိပ်က ဆောင်းဘောက်စ်အသံကတော့ အိမ်တံခါးမှန်တွေကို တချပ်ချပ်လှုပ်ခါစေသည်အထိ ပြင်းသည်။ ရင်တွေပါတုန်နေမိသည်။ ရိုးရာသင်္ကြန်ဆိုသည်မှာ အင်္ဂလိပ်သီချင်းတွေကို အသံကုန်ဖွင့်ပြီး ဆူညံရသည့် ခေတ်သို့ပြောင်းသွားပြီထင်သည်။
တင်ညွန့်
photo : facebook