အင်းနော် အင်း
အင်းနော် အင်း
“ဆရာ … ဆရာနော် … ကျွန်တော်လေ ချစ်ပို”
“သြော် … အေး ကိုချစ်ပို … ပြော။ ဖုန်းခေါ်ထားတာတွေ့လို့”
“ဆရာ … ဆရာ့သမီး မင်္ဂလာဆောင်တော့မယ်။ အဲဒါ ဖိတ်ပေးပါဆိုလို့ အနားမှာ သမီးရှိတယ် …. ပြောလိုက်ဦး”
ကိုချစ်ပိုက ဖုန်းလွှဲပေးလိုက်မှ
“ဘဘ … သမီးမင်္ဂလာဆောင် လာရမယ်နော်”
“အေး … အေး … ဘဘ လာမယ်။ ဘယ်နေ့လဲ”
“လာမယ့် တနင်္ဂနွေဘဘ။ အိမ်မှာပဲ”
“အေးကွယ် … ဘဘ လာခဲ့မယ်။ ငါ့သမီး မင်္ဂလာဆောင်ကို မလာလို့ ဘယ်ဖြစ်မလဲ”
ကျွန်တော်က သမီးလို့ခေါ်လိုက်တာက သမီးရင်းတော့ မဟုတ်။ ကိုချစ်ပိုနှင့် မခင်မိတို့၏ သမီးချောလေးဖြစ် သည်။ ယုယုတင် ဟုခေါ်သည်။ တင် ဆိုသည်က ကျွန်တော့်ကို အထိမ်းအမှတ်အနေဖြင့် ဂုဏ်ပြုပြီး ထည့်ပေးထားခြင်းဖြစ်သည်။ ဂုဏ်ပြု ရလောက်အောင်ကလည်း အကြောင်းကရှိနေသည်။ ဟိုး … တစ်ချိန် ကဖြစ်သည်
ကျွန်တော် ထမင်းစားရန် ထမင်းဘူးလေးကို ဖွင့်နေစဉ် ကိုချစ်ပိုက ရုံးခန်းထဲ ဝင်လာသည်။ ကျွန်တော်က နေပူလွန်းသဖြင့် အိမ်မပြန်ချင်သောကြောင့် ထမင်းဘူးလေးထည့်လာသည်။ ကိုချစ်ပိုက ထိုင်ပြီး အပြင်ကို ငေးနေသည်။
“ဟေ့ … ကိုချစ်ပို လာလေ ထမင်းစားရအောင်”
“စားပါဆရာ”
“ဘာလဲ ထမင်းချိုင့်မပါလို့လား … လာလေဗျာ ဒီမှာ ထမင်းတွေများတာပဲ။ မျှစားကြတာပေါ့”
“စားချင်စိတ် မရှိလို့ပါ”
“သိပြီ … ခင်မိနဲ့ ရန်ဖြစ်လာပြီ မဟုတ်လား”
“မပြောချင်ပါဘူးဆရာရယ်”
မပြောချင်ဘူးဆိုလျှင် ကိုချစ်ပို ဇာတ်ကြောင်းလှန်တော့မည်။
“ဆရာရေ … ခင်မိတစ်ယောက် အိမ်ကဆင်းသွားပြန်ပြီ”
“ဟာ … ဘာဖြစ်လို့လဲဗျာ”
ကိုချစ်ပိုသည် လူပျိုကြီးဘဝက ကျွတ်ချိန်ရောက်သောအခါ အမေပေးစားသည့် မိန်းမငယ်ငယ်လေး တစ်ယောက်ကို ကောက်ရသလို ရလိုက်သည်။ အသက်က ကွာသလို အလိုလိုက်ရသည်။ မခင်မိက စိတ်ကောက်လွန်းသဖြင့် သူမကြာ မကြာ ထမင်းငတ်သည်။
“ကိုချစ်ပို”
“ဘာလဲကွာ”
အိမ်ပြန်ရောက်ပြီး ရေချိုးကာ ပက်လက်ကုလားထိုင်တွင် သတင်းစာဖတ်နေသည့် ကိုချစ်ပိုအား မခင်မိ ဂျီလာကျပြီ။
“ရှင်နဲ့ ကျွန်မ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ”
“အင်း … တစ်နှစ် ငါးလနဲ့ နှစ်ပတ် … အဲဒီတော့ ဘာဖြစ်သလဲ”
“ကျွန်မ ကလေးလိုချင်ပြီ”
“ဟေ … ကလေးက ငါလည်း လိုချင်တာပဲ”
“ရှင် အဖြစ်မရှိလို့ ကျွန်မကို အရပ်ထဲက အမြုံမလို့ ပြောနေကြပြီလေ”
“ဟာ … ငါတို့ အမျိုးထဲမှာ အိမ်ထောင်ပြုပြီးရင် ကလေးတစ်ယောက်မှ မရတာ မရှိဘူး။ မင်းဘက်က”
“ကျွန်မဘက်ကလည်း ရှင်မွေးလွန်းလို့တောင် ပြောရတာရှင့်။ ကျွန်မအမေဆို ၇ ယောက်တောင်မွေးတာ”
“အေးကွာ ငါလည်း ကြိုးစားတာပဲ … မရတာ ဘာတတ်နိုင်မှာလဲ”
“ရှင် … မတတ်နိုင်ဘူး ပြောတာနဲ့ ပြီးသွားရောလား”
“ငါတတ်နိုင်တာ ငါလုပ်ပေးတယ်လေကွာ”
“ရှင် မစွံလို့ပေါ့ … ဒီလိုချည်းတော့ မဖြစ်ဘူး … လာ လိုက်ခဲ့ ဟိုး … ဘုန်းကြီးကျောင်းထဲက ညောင်ပင်ကြီးမှာ ဘိုးဘိုးကြီးကို သားဆုသွားပန်မယ်”
“ဟာ … အဲဒီလို ပေါတောတော အလုပ်တွေကို ငါဘယ်တော့မှ မလုပ်ဘူး”
“သြော် … ရှင်က ကိုယ့်သားမီးရဖို့ အရေးတောင် စိတ်မဝင်စားတော့ဘူးပေါ့”
“မင်း စကားအထအနမကောက်နဲ့။ မင်းကလေးရအောင် လုပ်ရမှာ ငါလား … ဘိုးဘိုးကြီးလား”
“ရှင် … အဲဒီလို အယုံအကြည်မရှိလို့ ကလေးမရတာ”
“ဘာမှ မဆိုင်ဘူး”
“ဆိုင်တယ် … ဆိုင်တယ် … အလကား အဖြစ်မရှိတဲ့လူ”
ကိုချစ်ပိုက ကျွန်တော့်ရှေ့မှာ ငူငူကြီး ထိုင်နေသည်။ ကျွန်တော်က
“လာဗျာ … လက်ဖက်ရည်ဆိုင်သွားရအောင်။ ဆိုင်ရောက်ရင် အကြော်ဝယ်ပြီး ထမင်းနည်းနည်း စားလိုက်ဦး။ ဒီမှာ ထမင်းတွေအများကြီး ကျန်သေးတယ်”
“စားချင်စိတ်မရှိပါဘူးဆရာရယ်”
“လာစမ်းပါ … ခင်ဗျား … ကျွန်တော့်ကို လက်ဖက်ရည်တိုက်။ ကလေးရပြီလို့သာ မှတ်လိုက်”
“ဘာ … ဆရာ … တကယ်လား”
“ခင်ဗျား … ကျုပ်ကို အထင်သေးသလား။ အဘ ဘိုးသံတောင်ရဲ့ တပည့်ရင်းစစ်စစ်။ ကျုပ်ဆီမှာ ကိုယ်ဝန်ရ စေတဲ့ နည်းရှိတယ်”
“ဆရာ … ဒါနောက်စရာ မဟုတ်ဘူးနော်။ သူများ ပြောရင် ကျွန်တော် ယုံမှာ မဟုတ်ဘူး။ ဆရာက ပြောနေတာ ဆိုတော့ ကျွန်တော် …”
“လာစမ်းပါ … လက်ဖက်ရည် မြန်မြန်တိုက်။ ကလေးရပြီလို့သာ မှတ်လိုက်”
ကိုချစ်ပိုက ကျွန်တော့်နောက်မှ ယို့ယို့လေးလိုက်လာသည်။ လက်ဖက်ရည်ဆိုင်ထိုင်ပြီးနောက် လက်ဖက်ရည်မှာ ပေးသည်။ ကျွန်တော်က လက်ဖက်ရည်သောက်နေသည်ကို သူက အားမလို အားမရဖြစ်နေသည်။
“ဆရာ … ကလေးကိစ္စ”
“ပြောမယ် … ပြောမယ် … ပထမဆုံး ကလေးလိုချင်တဲ့သူက ကလေးတောင်းရမယ်။ ကိုင်း လက်အုပ်ချီ”
“ဆရာ … ဘယ်လိုကြီးလဲ … လူတွေ ဝိုင်းကြည့်မှာပေါ့”
“လူကြည့်တာနဲ့ ကလေးရတာ ဘယ်ဟာက အရေးကြီးသလဲ။ ခု လက်အုပ်ချီမှာ ခင်ဗျားက ကျွန်တော့်ကို မဟုတ်ဘူး။ ဒီနည်းကို ပေးသွားတဲ့ အဘဘိုးသံတောင်ကို လက်အုပ်ချီရမှာ”
“ဟုတ်ကဲ့ဆရာ”
photo : google