ပြိုင်ဘက်နဲ့ ရန်သူ...

in #esteem7 years ago

ကျနော်က First-11 ဂျာနယ်တွေရဲ့ ပရိသတ်တယောက်ဆိုတော့ အပတ်စဉ် ထွက်သမျှ Eleven ဂျာနယ် လေးမျိုးစလုံးကို ပုံမှန်ဖတ်ဖြစ်နေကျပါ။

ပြီးခဲ့တဲ့နှစ်ကပေါ့...။

တရက်မှာတော့ အပတ်စဉ်ထုတ် အားကစား ဂျာနယ် အသစ်ကို သွားဖတ်ရင်းနဲ့ အားကစားဆောင်းပါးရှင် ဆရာကြီး ခင်မောင်ထွေး(ပျဉ်းမနား) ရေးတဲ့ `ပြိုင်ဘက်ဟာ ရန်သူမဟုတ်´ ဆိုတဲ့ ဆောင်းပါးကို သွားဖတ်မိတယ်။

ဆရာကတော့ ဘောလုံးအားကစားနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေသာ အရေးများသူမို့ အဲဒီဆောင်းပါးမှာလဲ ဘောလုံးအားကစားနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာကိုသာ အခြေပြုရေးခဲ့တာပါပဲ။ အဲဒီတုန်းက ဆရာရေးခဲ့တာက အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ စကိုလာရီကို ထုတ်ပယ်ပစ်လိုက်တာကို မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က မဖြစ်သင့်တဲ့ အကြောင်း နည်းပြအချင်းချင်း ဖေးမတဲ့စကား ပြောပေးခဲ့တာကို ချီးကျူးပြီးတော့ အခြေခံရေးခဲ့တယ်လို့ မှတ်မိတယ်။ နောက်တော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ကလပ်အသင်းမှာ ကစားတဲ့ လမ်းပတ်၊ လီဗာပူမှာ ကစားတဲ့ စတီဖင်ဂျာရတ်နဲ့ မန်ယူမှာကစားတဲ့ ရူနီတို့ဟာ သူတို့ကလပ်အသင်း အချင်းချင်း တွေ့ဆုံကစားကြတဲ့ အခါ အသည်းပေါက်မတတ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားလေ့ ရှိပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားရပြီဆိုရင်တော့ စည်းလုံးညီညွှတ်လှစွာနဲ့ပဲ နိုင်ငံအသင်းရလဒ်ကောင်းဖို့ အားတက်သရော အတူတကွ ကစားကြတာကို ဆရာရေးခဲ့တာကို ဖတ်ခဲ့ရပါတယ်။

အဲဒါတွေကို ဥပမာပေးလို့ ဆရာ ရေးသွားတာရဲ့ အနှစ်ချုပ်က `ပြိုင်ဘက်ဟာ ရန်သူ မဟုတ်ဘူး´ ဆိုတဲ့ အယူအဆပါ။


နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရေးကြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အတွေ့အကြုံကို အခြေခံတဲ့ စာတွေကိုပဲ ဖြစ်ဖြစ် ဒီဘက်ဟိုဘက် မီဒီယာတွေမှာ အသောင်းသောင်း အပြောင်းပြောင်း ရေးကြတဲ့အခါမှာ ရန်သူ´ရန်သူ့ကို´ `ရန်သူ့လူ´ စသဖြင့် သုံးနှုန်းရေးသားတာတွေကို မကြာခဏဆိုသလို တွေ့မိဖတ်မိကြမှာပါပဲ။

အဲဒီလို သုံးနှုန်းရေးသားတဲ့ `ရန်သူ´ ဆိုတဲ့ စကားလုံးကိုတွေ့တော့ ကျနော် စဉ်းစားမိတာက ရန်သူဆိုတာက ဘယ်သူတွေကို ကျနော်တို့ သတ်မှတ်မှာလဲ၊ ကျနော်တို့နဲ့ မတူသူလား၊ ကျနော်တို့နဲ့ မတူတဲ့လူတိုင်းကရော ကျနော်တို့ရဲ့ တကယ့်ရန်သူပဲလား ဆိုတာတွေကို ဆက်စပ်တွေးတောမိပြန်တယ်။

ဒါမှမဟုတ် ကျနော်တို့ဟာ ပြိုင်ဘက်ကို ရန်သူလို့ သတ်မှတ်မိနေတာလား။ တကယ့်ရန်သူကိုရော ပြိုင်ဘက်လို့ သတ်မှတ်မိနေပြန်တာလား ဆိုတာကလဲ စဉ်းစားစရာ...။


သေချာစေ့ငုံအောင် စဉ်းစားလိုက်ရင်တော့ `ပြိုင်ဘက်´ ဆိုတာဟာ လုံးဝရန်သူ မဟုတ်ပါဘူး။ မတူတဲ့အမြင်ကိုယ်စီနဲ့ စွမ်းဆောင်ရည် ကိုယ်စီ ရှိလို့သာ လျှောက်နေတဲ့ လမ်းကြောင်း ကွဲပြားချင် ကွဲပြားနေပါစေ၊ ရည်ရွယ်ရာ ပန်းတိုင် တူနေတယ်ဆိုရင် ကျနော်တို့နဲ့ မတူသူ တဘက်လူဟာ ပြိုင်ဘက်ပဲ ဖြစ်သင့်ပါတယ်။

ပြိုင်ဘက်တွေမှာလဲ ပုံစံအမျိုးမျိုး ရှိနေပြန်ပါသေးတယ်။ စောစောက ရေးခဲ့တဲ့ ဘောလုံးစကားအရ ဆက်စပ်ပြောရရင် ချဲလ်ဆီးနဲ့ မန်ယူ မတူတဲ့ ကလပ်နှစ်ခုမှာတုန်းက အသည်းပေါက်အောင် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အတွက် အတူတူ ကစားရရင်တော့ ချဲလ်ဆီးတို့ မန်ယူတို့မှာ ကစားတုန်းက ထားခဲ့တဲ့ စိတ်ဓာတ်တွေကို မေ့ဖျောက်ပြီးတော့ မိမိနိုင်ငံအသင်း အောင်မြင်ဖို့အတွက် စည်းလုံးဖို့ စိတ်ထားက ရှိရပါတော့မယ်။

ဒီတော့ စွဲကိုင်ထားတဲ့ အယူအဆ၊ ပါဝင်နေတဲ့ အဖွဲ့အစည်း မတူဘူးဆိုတာ တခုထဲနဲ့တော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို ကျနော်တို့တွေ `ရန်သူ´ လို့ မသတ်မှတ်စကောင်းဘူးလို့ တွေးစရာ ရှိပါတယ်။

သို့သော်...။


Sort:  

Congratulations @linlat! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!